မလေးရှားမှာ တရားမဝင်နေထိုင်သူတွေကို ပြန်ခေါ်နိုင်ရေး စာရင်းကောက်ယူနေ

ဇာဏီထွဏ်း
2020.06.29

မလေးရှားမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ခွင့်ရရင် အဆင်သင့်ဖြစ်စေဖို့ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက သူတို့ရဲ့ ကိုယ်ရေးအချက်လက်တချို့ကို အီးမေးကနေ လက်ခံရယူနေပါတယ်။ အလုပ်သမား အများအပြားက အင်တာနက်အီးမေးသုံးဖို့ အခက်ခဲရှိတဲ့အတွက် ပရဟိတအဖွဲ့တချို့က ကူညီပေးနေကြပါတယ်။

မလေးရှားရောက် အထောက်ထားမဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ဖို့အတွက် နှစ်နိုင်ငံ အစိုးရတွေ ညှိနှိုင်းနေပါတယ်။ တကယ်လို့ မလေးရှားအစိုးရက ခွင့်ပြုပေးလို့ ပြန်ခေါ်ခွင့်ရတဲ့အခါ အဆင်သင့်ဖြစ်အောင် မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် အချက်လက်တွေကို သံရုံးက ကောက်ယူနေတာပါ။

သံရုံးကိုလာတဲ့လမ်းမှာ ဖမ်းဆီးခံရနိုင်တာကြောင့် လူလာစရာမလိုဘဲ အီးမေးလ်နဲ့ပို့ဖို့ စီစဉ်ကြတာလို့ ထိန်းသိမ်းရေး စခန်းရောက် မြန်မာတွေကို မြန်မာသံရုံးနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို အကူညီပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

“ကွာလာလန်ပူနဲ့ တော်တော်ဝေးတဲ့ ဂျို့ဟိုးပြည်နယ်တို့၊ ပီနန်းပြည်နယ်တို့တွေကျတော့ ကျနော်တို့ သံရုံးကိုလာဖို့ အခက်ခဲရှိတယ်။ မတော်လို့ လမ်းမှာ အစစ်ဆေး၊ အမေးမြန်းတွေရှိပြီး ဖမ်းဆီးခံရရင်ဆိုတာမျိုး ရှိတဲ့အတွက် အီးမေးလ်ပို့တာကတော့ အလွယ်ကူဆုံးပေါ့။ မပို့တတ်တဲ့သူအတွက်တော့ အခက်အခဲရှိလိမ့်မှာပေါ့။”

အမှန်တကယ်အခက်ခဲရှိပြီး နေရပ် ပြန်ချင်တဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း နာမည်၊ နိုင်ငံသား ကတ်ပြားအမှတ်၊ မိဘနေရပ်လိပ်စာ၊ မြန်မာနိုင်ငံမှာ နေထိုင်တဲ့လိပ်စာ၊ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေကို ဖြည့်စွက်ဖို့ စာပုံစံတစ်ခုကိုလည်း မြန်မာသံရုံးက တင်ပေးထားပါတယ်။ အဲဒီစာပုံစံကို ဖြည့်စွက်ပြီး မြန်မာသံရုံးကို အီးမေးလ်ပို့ရမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာဝန်ကျ ဝန်ထမ်းတစ်ဦးက တရားဝင်အလုပ်သမားတွေ၊ တရားမဝင်အလုပ်သမားတွေ နေရပ်ပြန်နိုင်ရေး ကိစ္စတွေ ဆောင်ရွက်နေရတာကြောင့် အလုပ်များနေပြီး အခုချိန်မှာပြောဆိုဖို့ အဆင်မပြေနိုင်သေးကြောင်းသာ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ရှိနေတဲ့ အထောက်ထားမဲ့ မြန်မာနိုင်ငံသား တချို့ဟာ အင်တာနက် အီးမေးလ်သုံးနည်းတွေကို မသိကြတဲ့အတွက် အချက်လက်တွေကိုပို့ဖို့ အခက်အခဲဖြစ်ကြရပါတယ်။ အဲဒီစာပုံစံကို ကူးယူဖို့တောင် အခက်အခဲ ရှိတယ်လို့ မြန်မာနိုင်ငံကို ပြန်ခွင့်ရဖို့ ကြိုးစားနေတဲ့ အီပိုးမြို့က ကုန်စုံဆိုင် အလုပ်သမား ကိုအောင်ဟိန်းက ပြောပါတယ်။

“ကျနော်တို့ဘက်မှာ ဘာအခက်ခဲဖြစ်နေလဲဆိုတော့ တချို့တွေက အီးမေးလ်ကို မသုံးဖူးတာများတော့ မပို့တတ်ကြဘူးလေ။ နောက်ပြီး အပြင်မှာထွက်ပြီးတော့ မြန်မာသံရုံးက ထုတ်ပြန်ထားတဲ့ ဖောင်လေးကို ဓာတ်ပုံရိုက်ပြီး အပြင်မှာ မိတ္တူကူးရင်တောင် အခက်ခဲဖြစ်တယ်။ ကူးမပေးချင်တဲ့ဆိုင်တွေက များတယ်။ ဒုက္ခမခံချင်ကြဘူး။ မလေးငွေလေး ပြားဂဏန်းအတွက်နဲ့ များများစားစားမှ ကူးပေးချင်ကြတယ်။”

အဲဒီလို အီးမေးလ်မသုံးတတ်တဲ့ မြန်မာအလုပ်သမားတွေကို အီးမေးလ်အကောင့်ဖွင့်ပေးပြီး သူတို့ဖုန်းကနေ အီးမေးလ် ပို့နိုင်အောင် ကူညီပေးတယ်လို့ မြန်မာသံရုံးရှိတဲ့ ကွာလာလမ်ပူမြို့ကို သုံးနာရီကြာ သွားရတဲ့နေရာတစ်ခုဖြစ်တဲ့ ကွမ်တန်ပြည်နယ်က လူမှုကူညီရေးအဖွဲ့က ကိုဇော်မျိုးက ပြောပါတယ်။

“သူတို့ဖုန်းကို ဖွင့်ခိုင်းတယ်။ သူတို့ဖုန်းမှာ ပါတာနဲ့ပဲ ကျနော်က အကောင့်ဖွင့်ပြီး လုပ်ပေးလိုက်တယ်။ ဆက်သွယ်ရင် သူတို့ကို ဆက်သွယ်မှာလေ။ အီးမေးလ်မရှိတဲ့သူတွေကို သူတို့ဖုန်းမှာ အကောင့် ဖွင့်ပေး လိုက်တယ်လေ။ သံရုံးက ထုတ်ပြန်ထားတဲ့ စာရွက်ကို ကူးထားတယ်။ နီးစပ်ရာ ကျနော်တို့အသင်းက ကောင်လေးတွေဆီမှာလည်း ဖြန့်ပေးထားတယ်။ သူတို့ဆီမှာ သွားတောင်းလို့လည်းရတယ်။ ကျနော်ဆီမှာ တိုက်ရိုက်လာယူလည်းရတယ်။”

တချို့အလုပ်သမားတွေကျတော့လည်း အီးမေးလ်အကောင့် မရှိတာ၊ မပို့တတ်တာအပြင် သံရုံးကို လူကိုယ်တိုင် သွားဖြည့်တာက ပိုသေချာတယ်ဆိုပြီး သံရုံးကို သွားချင်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလို အလုပ်သမားတွေ ကိုလည်း သံရုံးသွားနိုင်ဖို့ ကူညီပေးနေတယ်လို့ တိုင်းပင်းမြို့ အားအင်သစ် ပရဟိတလူငယ်များအသင်းက ဦးကျော်ကျော်ဦးက ပြောပါတယ်။

“မြန်မာနိုင်ငံက မှတ်ပုံတင် မူရင်းရယ်။ အိမ်ထောင်စုစာရင်းရှိရင် ကျနော်တို့ သံရုံးကို လိုက်ပို့ပေးမယ်။ သံရုံးမှာ သူတို့ဖောင်ဖြည့်မှာကို ကျနော်တို့ တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးနေပါတယ်။ အီးမေးလ်က ပို့လို့ရတာဟုတ်တယ်။ အီးမေးလ်က ပို့လို့ရှိရင် တခါတလေကျရင် လူကိုယ်တိုင်သွားတာလောက် အဆင်မပြေမှာ စိုးရိမ်ကြတာလေ။"

သံရုံးကို အထောက်ထားပို့ဖို့ ခက်နေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေကို အခမဲ့ ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့အစည်းတွေ ရှိနေသလို အခကြေးငွေယူပြီး လုပ်နေတာတွေ ရှိတယ်လို့လည်း ပြောကြပါတယ်။

ကပ်ဘေးကာလမှာ အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားအချင်းချင်း ခေါင်းပုံဖြတ်တာတွေ မလုပ်ဖို့လည်း အလုပ်သမားတွေကို ကူညီပေးနေသူတွေက ကန့်ကွက်၊ တားမြစ်ကြပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရသူ  သုံးသိန်းလောက်ရှိပြီး တရားမဝင် အလုပ်လုပ်နေသူ နှစ်သိန်းလောက် ရှိမယ်လို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက ခန့်မှန်းပြောဆိုပါတယ်။

မလေးရှားမှာ တရားဝင်အထောက်ထားရှိတဲ့ ကိုယ့်နိုင်ငံသားတွေကို မြန်မာအစိုးရက ခေါ်ယူတာ ငါးကြိမ်မြောက် ရှိပြီး လူဦးရေ ၆၀၀ ကျော်ရှိပြီလို့ မြန်မာသံရုံး သတင်းအချက်တွေအရ သိရပါတယ်။

တရားမဝင် နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ပြန်ခေါ်ယူနိုင်ဖို့ မြန်မာအစိုးရက ကြိုးစားနေပြီး မလေးရှား အစိုးရရဲ့ တုံ့ပြန်ချက်ကို စောင့်မျှော်နေရတာပဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။