မလေးရှားကို တရားမဝင်သွားမယ့် မြန်မာနိုင်ငံသား ၁၄၉ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ


2018.11.17
illegal-myanmar-workers-622.jpg ထိုင်းမှာ ဖမ်းဆီးရမိတဲ့ မလေးရှားကို တရားမဝင်သွားမယ့် မြန်မာနိုင်ငံသား ၁၄၉ ယောက်ကို တွေ့ရစဉ်
Photo: LA - Thailand

ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံကို သွားမယ့် မြန်မာနိုင်ငံသား ၁၄၉ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

အဲဒီ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ထိုင်းနိုင်ငံကနေတဆင့် တရားမဝင် လမ်းကြောင်းကနေသွားရာမှာ အောက်တိုဘာ ၁၄ ရက်တုန်းက ဖမ်းဆီးခံရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကော့သောင်းမြို့ကနေ ရနောင်းခရိုင် ကလပ်ဘူလီမြို့နယ်ကို စက်လှေနဲ့ ခိုးဝင်လာချိန်မှာ အဖမ်းခံရတာဖြစ်ပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးကနေ လာကြတဲ့သူတွေ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေး အချုပ်မှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးတာတွေ ပြီးရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ မြန်မာသံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေကို သွားပြီး အလုပ်လုပ်မယ့် မြန်မာနိုင်ငံသားတွေဟာ တရားဝင်သွားလာကြရမယ့် နည်းလမ်းတွေ၊ သတင်းအချက်လက်တွေ၊ အသိပညာတွေ အားနည်းကြတဲ့အပြင် ပွဲစားတွေရဲ့ စကားကို အယုံလွယ်ကြတာကြောင့် အလိမ်ခံကြရတာ များတယ်လို့ အလုပ်သမား ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

ထိုင်းနိုင်ငံမှာ စာရွက်စာတမ်း အပြည့်အစုံရှိပေမယ့် အဲဒါတွေဟာ အတုတွေဖြစ်မှန်း မသိကြတဲ့ မြန်မာအလုပ်သမား ၃၄ ယောက်ကို နိုဝင်ဘာ ၄ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် MWRN အဖွဲ့တွေက ပူးပေါင်းကူညီခဲ့ကြရတယ်လို့ သိရပါတယ်။

အဲ့ဒီအလုပ်သမားတွေဟာ တရားဝင် အလုပ်လုပ်ဖို့ဆိုပြီး ပွဲစားတစ်ယောက်နဲ့ ချိတ်ဆက်ပြီး လာခဲ့ကြတာလို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

"အလုပ်သမား ရှာဖွေတဲ့ ပွဲစားတစ်ယောက်က လူစုဆောင်းတယ်။ သူနဲ့တွေ့ဖို့ ရန်ကုန်ကို ခေါ်တယ်။ ရန်ကုန်ရောက်တဲ့အခါ ပတ်စပိုစ့်လုပ်တယ်။ ပတ်စပိုစ့်တွေကိုသိမ်းပြီး ၅ လအကြာမှာ မြိတ်ကို လာဖို့ ခေါ်တယ်။ မဟာချိုင်ကို နိုဝင်ဘာ ၃ ရက်နေ့ ည ရောက်တယ်။ သူတို့နားကြတယ်။ မနက် ၇ နာရီမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးတဲ့အတွက် ပြေးတဲ့သူတွေက ပြေးတယ်။ အဲ့ဒီအလုပ်သမားတွေက တောထဲကနေပြီးတော့မှ ကျနော်တို့နဲ့ သံရုံးတို့ကို ဆက်သွယ်ပြီးတော့မှ ဒီလုပ်သားတွေကို ကူညီပြီးမှ မြန်မာနိုင်ငံအရောက် ပို့ဆောင်လိုက်တာဖြစ်ပါတယ်"

သူတို့တွေကို စစ်ဆေးတဲ့အခါမှာ တရားမဝင် ဝင်ရောက်တာထက် စာရွက်စာတမ်းအတု ကိုင်ဆောင်တဲ့အပြစ်က ပိုကြီးတာကြောင့် အရေးယူမခံရအောင် မြန်မာသံရုံး အလုပ်သမား သံအရာရှိတွေကနေ မေတ္တာရပ်ခံပြီး မြန်မာနိုင်ငံကို ပြန်ပို့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ၃၄ ယောက် အပါအဝင် မြန်မာအလုပ်သမား ၆၈ ယောက်ကို ပွဲစားတစ်ယောက်တည်းက ခေါ်လာတာဖြစ်ပြီး ကျန်တဲ့ မြန်မာအလုပ်သမားတွေကိုတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အဲဒီ မြန်မာအလုပ်သမားတွေဟာ မွန်ပြည်နယ်၊ ပဲခူးတိုင်းဘက်က ပိုများတယ်လို့ သိရပါတယ်။

ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ဖို့ သွားရတဲ့ နောက်ခံအကြောင်းအရင်းတွေကို ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဦးမင်းဦးက အခုလို ပြောပါတယ်။

"ဒါတွေက ဘာဖြစ်လို့လဲဆိုတော့ အသိပညာပေးမှုအပိုင်းပေါ့။ နောက်တစ်ခုက အလုပ်အကိုင် ရှားပါးတာရယ်။ ကိုယ့်နိုင်ငံမှာ တစ်နေ့တာလုပ်အားခ အဲဒါတွေက နှိုင်းယှဉ်မယ်ဆိုရင် ထိုင်းတို့ မလေးရှားတို့က အရမ်းသာတာကိုး။ နောက်တစ်ခုက ပညာအခြေခံ နည်းပါးတယ်။ အဲဒီတော့ ဆုံးဖြတ်နိုင်စွမ်း နည်းတာပေါ့နော်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး လာကြတယ်။ အစိုးရက Skill Training ပေးတာတွေ လိုအပ်တယ်"

အဲ့ဒီလို ထိုင်းမှာ တရားဝင် အလုပ်လုပ်ရမယ်ဆိုပြီး အလိမ်ခံရတဲ့ မြန်မာအလုပ်သမားတွေရှိသလို မလေးရှားမှာ အလုပ်လုပ်ဖို့ တရားမဝင်လမ်းကြောင်းကနေ ထိုင်းကိုဖြတ်သွားရင်း အဖမ်းခံရတဲ့ မြန်မာ အလုပ်သမားတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံ ကော့သောင်းကနေ ထိုင်းနိုင်ငံ ရနောင်းခရိုင် ကလပ်ဘူလီမြို့နယ်ကို စက်လှေနဲ့ ခိုးဝင်လာတဲ့ မြန်မာအလုပ်သမား ၁၄၉ ယောက်ကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာ ၁၄ ရက်တုန်းက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

အဲဒီ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ထိုင်းနိုင်ငံကနေတဆင့် တရားမဝင်လမ်းကြောင်းကနေ သွားကြရတာဖြစ်တာကြောင့် ထိုင်းအာဏာပိုင်တွေက စစ်ဆေးတဲ့အခါ ပွဲစားက ထွက်ပြေးသွားတယ်လို့ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။

"အကျိုးဆောင်ပေးတဲ့သူက မလေးရှား သွားဖို့ ခေါ်လာတယ်။ ခေါ်လာပြီးတော့ ကော့သောင်းကို ကူးတယ်။ ကူးပြီးတော့ ဒီဘက်ရောက်တော့ ရနောင်းနယ်ထဲ ရောက်တော့မှ ထိုင်းနိုင်ငံကလည်း သူတို့နိုင်ငံ လုံခြုံရေးအတွက် စစ်တာဆေးတာတွေ ပိုက်စိတ်တိုက်လုပ်တော့ ခေါ်လာတဲ့သူက အခြေအနေမကောင်းဘူးဆိုပြီး လစ်ပြေးပုံရတယ်။ ကာရကံရှင်တွေချည်းမိတယ်။ လူကို ယုံလွယ်တာပေါ့နော်။ နောက်တစ်ခုက တရားဝင်လား မဝင်လားဆိုတာကိုလည်း မသိဘူးပေါ့နော်"

သူတို့တွေဟာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးကနေ လာကြတဲ့သူတွေဖြစ်ပါတယ်။

သူတို့တွေကို ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးအချုပ်မှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးတာတွေ ပြီးရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ မြန်မာသံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

တရားမဝင်လမ်းကြောင်းကနေ အလုပ်လုပ်ဖို့ ခေါ်လာတာကြောင့် အခက်အခဲဖြစ်လို့ မြန်မာအလုပ်သမား သံအရာရှိရုံးကနေ ကူညီလိုက်ရတဲ့ အလုပ်သမားအရေအတွက်ဟာဆိုရင် ၂၀၁၈ ခုနှစ်အတွင်း အယောက် ၁၀၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။

အဲဒီလိုဖြစ်တာတွေဟာ အလုပ်သမားတွေရဲ့ အသိပညာနည်းပါးတာအပြင် မြန်မာအစိုးရဘက်က အသိပညာပေးမှုကလည်း အားနည်းတယ်လို့လည်း ဦးအောင်ကျော်က ထောက်ပြပါတယ်ရှင်။

"ပြည်ပနိုင်ငံတွေကို အလုပ်သွားလုပ်ဖို့ အခုလို တရားမဝင်လမ်းကြောင်းကနေ လိမ်လည် လှည့်ဖျား ခေါ်ဆောင်ခံရတဲ့ အကြောင်းအရင်းက သူတို့ကိုယ်တိုင် အသိပညာ ဗဟုသုတ အင်မတန် နည်းပါးတဲ့အတွက် သူများလိမ်လည်တာ ခံရတာဖြစ်တယ်။ ဗဟုသုတနည်းတာကလည်း သက်ဆိုင်ရာ မြန်မာနိုင်ငံ အစိုးရဘက်မှာ မူတည်ပါတယ်။ မိမိနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မဖွံ့ဖြိုးတဲ့အချိန်မှာ လူငယ်တွေက ပြည်ပနိုင်ငံတွေကို အလုပ်သွားလုပ်တဲ့အခါ ဘယ်လိုပုံသဏ္ဍန်တွေနဲ့ လုပ်ကိုင်ရမယ်ဆိုတာကို အသိပညာပေးဖို့ အားနည်းနေတာကနေ စတာဖြစ်ပါတယ်ခင်ဗျ "

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။