ရန်ကုန်မှာရှိတဲ့ ရခိုင်လူငယ်တွေ နေရပ်ပြန်ခွင့် အပိတ်ခံထားရကြောင်း ကိုယ်တိုင်ကြုံခဲ့သူတွေ ပြော
2024.02.28

ရန်ကုန်မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်ကနေ ၃၅ နှစ်ကြား ရခိုင်လူမျိုးတွေကို လေကြောင်းကရော ကားလမ်းကပါ နေရပ်ပြန်ခွင့်မပြုတော့ဘဲ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ရခိုင်လူငယ်တွေက ဒီကနေ့ပြောပါတယ်။
ဖေဖော်ဝါရီ လကုန်ပိုင်းကစပြီး ရန်ကုန်လေဆိပ်ကနေ ဖြတ်ခွင့်မပြုတော့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင်ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။
“အခုက အသက် ၁၇ နှစ်နဲ့ ၃၅ နှစ်ကြားဆိုရင် ရခိုင်ကို ပြန်လို့မရတော့ဘူး။ ရန်ကုန်လေဆိပ်ကလည်း ဖမ်းဆီးစစ်ဆေးတာရှိတယ်။ ပြီးရင် စစ်တွေလေဆိပ်၊ ကျောက်ဖြူလေဆိပ်နဲ့ အမ်းလေဆိပ်တို့ကလည်း စောင့်ပြီး ဖမ်းဆီးစစ်ဆေးတာရှိတယ်။ ပြီးရင် ကားလမ်းလည်း သွားလို့မရတော့ဘူး။ အခုဆို ရန်ကုန်မြို့မှာပဲ ပိတ်မိနေသလို ဖြစ်နေကြပြီ”
ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ရန်ကုန်ကနေ မြန်မာ့လေကြောင်းလိုင်းနဲ့ စစ်တွေကိုပြန်မယ့် ဒေသခံတချို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း ရန်ကုန်မြို့ကနေ ရခိုင်ကို အဝေးပြေးကားနဲ့ ပြန်ဖို့ကြိုးစားတဲ့ ရခိုင်လူငယ် တစ်ရာကျော် ရွှေပြည်သာမြို့နယ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချို့ကိုတော့ ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး (AA) ထဲ ဝင်မလား၊ စစ်ကောင်စီတပ်ထဲ ဝင်မလားစတဲ့ မေးခွန်းတွေကိုမေးမြန်းတာ ကြုံခဲ့ရတယ်လို့ ပြန်လွတ်လာသူ တစ်ဦးရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။
“သူတို့မေးတာက မေးခွန်း သုံးခုမေးတယ် ပြောပါတယ်။ မဖြစ်မနေ လက်နက်ကိုင်ရတော့မယ်ဆိုရင် AA ထဲ ဝင်မလား စစ်တပ်ထဲ ဝင်မလား၊ ပြီးရင် ရန်ကုန်အလုပ် လုပ်ပြီးဆက်နေမလား၊ ရခိုင်ကို ပြန်မလားလို့ မေးတယ်တဲ့။ ကျွန်တော်တို့ ကလေးတွေကတော့ ဘယ်လက်ကိုင်အဖွဲ့ကိုမှ မဝင်ဘူး။ မိဘကိုပဲ လုပ်ကျွေးမယ်လို့ ဖြေခဲ့တယ်။ ရခိုင်ကိုပြန်မယ်လို့ ပြောတဲ့သူတွေကိုတော့ ဆက်ပြီးထိန်းသိမ်းထားတယ်တဲ့”
ပြန်လွတ်လာသူတွေလည်း လက်ရှိ မိမိနေရပ်ကို ပြန်လာလို့မရဘဲ ရန်ကုန်မှာပဲ ဆက်နေထိုင်ရမှာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ လှိုင်သာယာမြို့နယ်က စစ်ကောင်စီ တပ်ရင်းတစ်ခုမှာ ထိန်းသိမ်းထားဆဲလို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ရခိုင်လူငယ်တွေကို စစ်ကောင်စီတပ်က ပြန်ခွင့်မပေးတာဟာ ရက္ခိုင့်တပ်တော် (AA) ထဲကို ရောက်သွားမှာ စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ရခိုင် စစ်ရေးလေ့လာသူတွေက RFA ကိုပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီကတော့ အဲဒီလို ဖမ်းဆီးမှုတွေ မရှိဘူးဆိုပြီး သူတို့လက်အောက်ခံ သတင်းစာတွေနဲ့ ရုပ်မြင်သံကြား ဌာနတွေကနေ ငြင်းဆိုထားပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်ကလည်း ရန်ကုန်မြို့ကနေ စစ်တွေနဲ့ ကျောက်ဖြူကို လေယာဉ်နဲ့ပြန်လာတဲ့ ခရီးသည် ခြောက်ရာလောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲက သက်ကြီးပိုင်း၊ ကလေး၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တဲ့တချို့ကိုတော့ ပြန်လွှတ်ပေးတာ မရှိပေမယ့် ကျန်တဲ့သူတွေကိုတော့ ဒီနေ့အထိ ဖမ်းဆီးထားဆဲလို့ ဆိုပါတယ်။