တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ငါးသောင်းကျော်ကို စစ်ကောင်စီလွှဲပြောင်း
2024.02.08

Updated 2:47 PM Feb 9, 2024
နယ်စပ်ဒေသတွေကနေ တရားမဝင် လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသားအများစု အပါအဝင် နိုင်ငံခြားသား ငါးသောင်းကျော် (၅၀,၆၉၁ ဦး) ကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ကြေညာပါတယ်။
ဒါဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ လွှဲပြောင်းပေးအပ်ထားတဲ့ အရေအတွက်ဖြစ်ပါတယ်။
တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား နှစ်ဆယ်ဦးနဲ့ လာအိုနိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၅၀,၆၉၁ ဦးကို လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA ကလည်း ကိုးကန့်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ လက်နက်ခဲယမ်းရောင်းဝယ်၊ ကိုင်ဆောင်သူတွေကို ဖမ်းဆီးရမိရေး ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဆောင်ရွက်နေပါတယ်။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ လောက်ကိုင်မြို့မှာ ဖမ်းမိခဲ့တဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ပြီး၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း နိုင်ငံခြားသား ၁၄ ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး တရုတ်က ဖမ်း၀ရမ်းထုတ်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ဆယ်ဦးကိုလည်း စစ်ကောင်စီက ဇန်ဝါရီလ ၃၀ ရက်နေ့မှာ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ် မြန်မာပိုင်နက်ထဲမှာ တရုတ်နိုင်ငံသားတွေ သောင်းနဲ့ချီပြီး တရားမဝင် နေထိုင်တာ၊ နှစ်အနည်းငယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ကြီးထွားလာတာတွေအတွက် တရုတ်-မြန်မာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက RFA ကို ပြောဆိုထားပါတယ်။