တွန်းဇံမှာ နိုင်ငံရေးအကျဉ်းသားသုံးဦးကို ချင်းပူးပေါင်းတပ်တွေ ကယ်ထုတ်
2024.05.23
ချင်းပြည်နယ် တွန်းဇံမြို့ စစ်ခုံရုံးကနေ ထောင်တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားသုံးဦး မေလ ၂၂ ရက်နေ့မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ CDM မူလတန်းပြဆရာမ မ၀ုန်ဟွဲကိမ်၊ ထောင်ခုနစ်နှစ် ချမှတ်ခံထားရတဲ့ မ၀ုန်ဟွဲကိမ်ရဲ့ဖခင်နဲ့ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရတဲ့ ဖိုင်တူရွာသား အမျိုးသားတစ်ဦး တို့ကို ကယ်ထုတ်နိုင်ခဲ့တာလို့ တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
“CDM ဆရာမနဲ့ သူ့အဖေပေါ့။ ပြီးတော့ ဖိုင်တူရွာက တစ်ဦး သူတို့သုံးဦးကို ကယ်ထုတ်နိုင်ပြီ။ တိုက်ပွဲတွေ ဖြစ်တော့ သူတို့ကို ရဲစခန်းကနေ ဆိုင်ကလုန်းစင်တာမှာ ပြောင်းရွှေ့ထားတာ။ အဲနေရာကနေ ကယ်ထုတ်တာ။ အခုတော့ သူတို့ လုံခြုံတဲ့နေရာရောက်ပြီ”
CDM မူလတန်းပြဆရာမနဲ့ သူ့ရဲ့ဖခင်တို့ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သူတို့ရဲ့နေအိမ်တွေမှာပဲ ဖမ်းဆီးခံရပြီး မတ်လ ၁၃ ရက်နေ့မှာ တွန်းဇံမြို့ စစ်ခုံရုံးကနေ ထောင်ဒဏ်တွေ ချမှတ်ခံရတာပါ။
လက်ရှိမှာတော့ တွန်းဇံမြို့ရဲစခန်း၊ စစ်တပ်အထိုင်စခန်း၊ ဆိုင်ကလုန်းစင်တာအပါအဝင် ဌာနဆိုင်ရာ ရုံးနေရာတွေအားလုံးကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မြို့ထဲမှာ ရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ လက်နက် အလက် ငါးဆယ်နဲ့ စစ်တပ်စခန်းကုန်းနေရာကနေ ငွေကျပ် သိန်းသုံးထောင်ဝန်းကျင် သိမ်းဆည်းရမိတယ်လို့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ပြောထားပါတယ်။