စစ်ကောင်စီ အပစ်ရပ် ချိုးဖောက်လို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်ထုတ်ပြန်

RFA Burmese
2024.01.22
စစ်ကောင်စီ အပစ်ရပ် ချိုးဖောက်လို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်ထုတ်ပြန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း TNLA တပ်ဖွဲ့၏ ဓာတ်ပုံအချို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ထားစဥ်။
TNLA

ရှမ်းပြည်နယ်မြောက်ပိုင်းက အပစ်ရပ် “ဟိုင်ဂင် သဘောတူညီမှု”ကို စစ်ကောင်စီက ချိုးဖောက်ခဲ့တာကြောင့် ‌တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၂၂ ရက် ညမှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်က TNLA တပ်ကို ဇန်နဝါရီ ၂၂ ရက်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း မိုးကုတ်နဲ့ မိုးမိတ်အကြားက TNLA တပ်ကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီဟာ ဟိုင်ဂင် သဘောတူညီမှု ကျိုးပျက်အောင် ရန်စတိုက်ခိုက်နေပေမယ့် တိုက်ပွဲမကျယ်ပြန့်အောင် သည်းခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခဲ့ပြီး မြို့ကြီးတချို့ကို သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အပစ်ရပ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ကွတ်ခိုင်နဲ့ မိုးမိတ်မြို့နယ်တွေ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး မဘိမ်းမြို့ကို KIA က သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။