TNLA စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ တပ်သားငါးဦး ဒဏ်ရာရ
2023.07.28

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးမှာရှိတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် တပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA တာဝန်ရှိသူတွေက ပြောပါတယ်။
ဇူလိုင် ၂၇ ရက်နေ့က တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ လာတိုက်ခိုက်တာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။
"ဒီဘက်မှာ တိုက်ပွဲမရှိဘူး၊ တိုက်ပွဲဖြစ်တဲ့ဧရိယာနဲ့ များစွာဝေးပါတယ်၊ စစ်တပ်က တိုက်လေယောဉ်တွေနဲ့ ဗုံးလာကြဲတာ၊ လူထု ထိခိုက်မှုတွေလည်း မြင့်မားလာနေပါတယ်၊ အထူးသဖြင့်ကတော့ စကစဖက်က လူထုနေအိမ်ရပ်ရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက် ဖျက်ဆီးနေပါတယ်"
TNLA တပ်မဟာ(၄)ရှိရာ အီနိုင်း (နတ်စင်ကုန်း) အနီးတစ်ဝိုက်ကို စစ်ကောင်စီက Mi-35 တိုက်ရဟက်ယာဥ် နှစ်စီးနဲ့ ဗုံး ၁၅ လုံးထက်မနည်း ကြဲချခဲ့တာကြောင့် TNLA တပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့အပြင် အရပ်သားနေအိမ် တစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
ဒီရက်ပိုင်းမှာ စစ်ကောင်စီနဲ့ TNLA ကြား တိုက်ပွဲတွေက ခပ်စိပ်စိပ်ဖြစ်နေပြီး တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာတယ်လို့လည်း ဒုဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က လားရှိုး - သီပေါ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ကားရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား သုံးဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သလို စစ်ကောင်စီဘက်က ကားတစီးလည်း ပျက်စီးသွားတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ပြောထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး မူဆယ်မြို့နယ် နန့်မွန်ဆိုက်ခေါင် ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာသား နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ရှိခဲ့ပါတယ်။
ဒီလေကြောင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။