တနင်္သာရီမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ခြောက်သောင်းခွဲကျော်ရှိလာ
2025.01.15

တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ခြောက်သောင်းခွဲကျော် (၆၅,၈၀၀ ဦး) ရှိလာကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုအကြိမ် သုံးဆယ်ကျော်ရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်တာကြောင့်လည်း နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
ထားဝယ်ခရိုင်ထဲက ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေမှာတော့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သောင်းခွဲကျော် (၂၅,၉၀၀) ရှိနေပါတယ်။
လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတိုက်ပွဲဟာ အပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံတချို့ မပြန်နိုင်ကြသေးဘူးလို့ စစ်ဘေးဒုက္ခသည် အကူအညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျောက်နီမော်ရွာမှာ စစ်တပ်က အထိုင်ချထားတော့ အဲဒီရွာက ဒေသခံတချို့ နေရပ်မပြန်နိုင်ကြသေးဘူး။ ကျန်တဲ့အနီးနားရွာတွေကတော့ နေရပ်ပြန်ကြပြီ။ ဒီရက်ပိုင်းတွေမှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ မရှိတော့တာလည်းပါတယ်”
ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား ခုနစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၂၆၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ FE5Tanintharyi က ပြောပါတယ်။
အရပ်သားဖမ်းဆီးခံရမှု အခြေအနေက ဆက်ရှိနေဆဲဖြစ်ပြီး တစ်လအတွင်း ဒေသခံ ၃၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းခွဲကျော်ရှိလာပါပြီ။