ဧကတစ်ရာကျော်တဲ့ တစ်သျှူးငှက်ပျောတွေ ရောင်းမရလို့ တောင်သူတွေ အခက်တွေ့

2022.04.19
ဧကတစ်ရာကျော်တဲ့ တစ်သျှူးငှက်ပျောတွေ ရောင်းမရလို့ တောင်သူတွေ အခက်တွေ့ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာ တစ်သျှူးငှက်ပျောစိုက်ခင်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် တွေ့ရစဥ်
Photo: RFA
ကချင်ပြည်နယ် လိုင်ဇာမြို့အနီးတစ်ဝိုက်က ဧကတစ်ရာကျော်ရှိတဲ့ တစ်သျှူးငှက်ပျောတွေကို တရုတ် ကုန်သည်တွေက လာမဝယ်ကြတော့လို့ ငှက်ပျောသီးတွေ ပျက်စီးကုန်ပြီး ငှက်ပျော စိုက်တောင်သူတွေ အခက်တွေ့နေရပါတယ်။
 
Covid ကပ်ဘေးကြောင့် မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေပိတ်လိုက်ရာ တရုတ်ကုန်သည် တွေလည်း လာမဝယ်လို့ မိုးမောက်နယ် လိုင်ဇာမြို့အနီးတစ်ဝိုက်က တစ်သျှူးငှက်ပျောစိုက် တောင်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ငှက်ပျောစိုက်တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။
 
“ကျနော်တို့မိသားစုက အပင် တစ်သောင်းရှစ်ထောင် စောင့်တာ။ မနှစ်က တရုတ်အစိုးရ လမ်းပိတ်လိုက်တော့ သူဌေးတွေကလည်း လာမယူတော့ဘူး။ စိုက်တဲ့အချိန် ထမင်းဖိုး တရုတ်ငွေ ယွမ် သုံးသောင်း (ကျပ် သိန်းတစ်ရာ) ပဲ ရသေးတယ်။ အမှန် ရ,ရမှာက တရုတ်ငွေ တစ်သိန်းသုံးသောင်း (ကျပ်သိန်း ၄၀၀ ကျော်) ရ,ရမှာ ဟုတ်တယ်။ ကျနော်တို့ ရ,ရမှာထဲက တစ်ဝက်ပဲပေးပါလို့ပြောလည်း လောပန်းတွေက မပေးဘူး”
 
တစ်နှစ်လုံး အချိန်ယူစိုက်ပျိုးထားပေမယ့် အခုငှက်ပျောခုတ်တဲ့အချိန် တရုတ်ကုန်သည်တွေက လာမယူတော့လို့ နောက်ထပ်ရမယ့် ပိုက်ဆံတွေလည်း မရတော့တာကြောင့် ကလေးတွေ ကျောင်းစရိတ်ပေးဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။
 
လိုင်ဇာမြို့အနီးက ငှက်ပျောခြံဧက ၁၀၀ ကျော်ကို တရုတ်နိုင်ငံထဲက လုပ်ငန်းရှင်တွေက လာရောက်ရင်းနှီး မြှုပ်နှံထားကြရာမှာ ငှက်ပျောခြံစောင့်စိုက်ပျိုးတဲ့ မိသားစုက ၇၀ လောက် ရှိတယ်လို့ ပြောပါတယ်။
 
ခုလိုလုပ်လာတာဟာလည်း ငါးနှစ်ကျော်လောက်ရှိနေပြီဖြစ်ပြီး ဒီနှစ်မှာ ခုလိုအခက်အခဲတွေ ကြုံတွေ့ရ တာလို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကချင်ပြည်နယ်အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့က ပူးပေါင်းထုတ်ပြန် ထားတဲ့ အစီရင်ခံစာအရ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ငှက်ပျောခြံ ဧက ၁၅၀,၀၀၀ (တစ်သိန်း ငါးသောင်း) ရှိသလို ဗန်းမော်ခရိုင်မှာ ဧက ၃၀၀၀ (သုံးထောင်) ရှိတယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။