ထီးချိုင့်မှာ ဒေသခံနှစ်ဦး အသတ်ခံရပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ
2022.12.24

စစ်ကိုင်းတိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲမှာ ဒီဇင်ဘာလ ၂၀ ရက်ကနေ ၂၃ ရက်အထိ လေးရက်အတွင်း ဒေသခံနှစ်ဦး သတ်ဖြတ်ခံရပြီး ဒေသခံ ၁၀ ဦးထက်မနည်း စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်းက ထီးချိုင့်မြို့နယ်ထဲက ပေါက်ကုန်းရွာကို အင်အား ၇၀ နီးပါးလောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေ ဝင်လာပြီးနောက် ဒေသခံနှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထီးချိုင့်မြို့ပေါ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းက ရွာထဲဝင်လာတဲ့အချိန် သူတို့က ရွာထဲမှာရှိနေတာ။ အဲဒါကို ဖမ်းခေါ်သွားပြီးတော့ သတ်လိုက်တာ။ ရုပ်အလောင်းတွေမှာ သေနတ်ဒဏ်ရာရော၊ ဓားဒဏ်ရာတွေပါ တွေ့တယ်။ အလောင်းက ဖမ်းခံရပြီးတော့ နှစ်ရက်လောက်ကြာမှ ပြန်တွေ့တော့ ဘယ်အချိန်သတ်သွားမှန်း မသိတော့ဘူး။ မီးရှို့ခံ ရတဲ့ရွာတွေကိုလည်း ထပ်ခါထပ်ခါ ဝင်ပြီးရှို့နေတော့ ဒေသခံတွေက ရွာကို မပြန်ကြ တော့တာ”
ရုပ်အလောင်းတွေကိုတော့ ဒီဇင်ဘာ ၂၂ ရက်က သခွတ်ချောင်ဘုရားကုန်းပေါ်မှာ တွေ့ခဲ့ရ တာဖြစ်ပြီး သေဆုံးသူတွေဟာ ပေါက်းကုန်းရွာခံ အသက် ၄၉ နှစ်အရွယ် ဦးဝင်းလှိုင်နဲ့ အသက် ၁၆ နှစ်အရွယ် ကိုညီညီအောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့တယ်လို့ ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ပေါက်ကုန်းရွာကိုဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းမှာပဲ ထီးချိုင့်မြို့ပေါ်က ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးထားပြီး အခုချိန်အထိ ပြန်မလွတ်သေးဘူးလို့ ထီးချိုင့်ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ပထမပတ်အတွင်းမှာ ထီးချိုင့်မြို့နယ်ထဲကို တစ်ကျော့ပြန် စစ်ကြောင်းထိုးနေတာကြောင့် သခွတ်ချောင်၊ လေသာကုန်း၊ အင်ကြင်း ကုန်း၊ ပေါက်ကုန်း စတဲ့ရွာအပါအဝင် ရွာပေါင်း ၁၀ ရွာက ဒေသခံတစ်သောင်းကျော် နေရပ် မပြန်နိုင်ကြသေးဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ထီးချိုင့်မြို့နယ်အတွင်းမှာ ဒီဇင်ဘာလ ၄ ရက်ကနေ ၈ ရက်အထိ ရွာပေါင်း ၁၀ ရွာက နေအိမ် ၂၂၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။