စစ်ကြောင်းထွက်သွားတဲ့ ထီးချိုင့်မြို့ အင်ကြင်းကုန်းရွာမှာ အလောင်းသုံးလောင်းတွေ့
2022.12.04

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အင်ကြင်းကုန်းရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်း ထွက်ခွာသွားပြီးနောက် သတ်ဖြတ်မီးရှို့ခံထားရတဲ့ အမျိုးသား အလောင်းနှစ်လောင်းနဲ့ အမျိုးသမီးတစ်လောင်း စုစုပေါင်းသုံးလောင်း တွေ့ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
“လူသုံးယောက် အသတ်ခံရတာ ဟုတ်တယ်။ သတ်ပြီး မီးရှို့ခံလိုက်ရတယ်။ မိန်းမ တစ်ယောက်နဲ့ ယောက်ျားနှစ်ယောက် အသတ်ခံရတယ်။ အင်ကြင်းကုန်းရွာမှာ။ မိန်းမက အရပ်ဘက်အဖွဲ့အစည်းက။ ကျေးရွာထောက်ပို့လုပ်နေတာ။ ယောကျ်ား တစ်ယောက်က ကပ္ပိယ။ ဘုန်းကြီးကျောင်းမှာနေတာ။ တစ်ယောက်ကတော့ အရပ်သားပါ။ ဖြစ်စဉ်က နိုဝင်ဘာ ၂၇၊ ၂၈ ကတည်းက ဖြစ်နေတာ။ အခုမှ သိရတာ”
စစ်ကောင်စီတပ် စစ်ကြောင်းဟာ မနေ့ညနေ ၅ နာရီခန့်က သခွတ်ချောင်ရွာကို မီးရှို့ခဲ့လို့ နေအိမ် ၂၀ ခန့် မီးလောင်ခဲ့ပြီး ဒီနေ့မှာလည်း ဆားတွင်းရွာကို မီးဝင်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ် မီးဝင်ရှို့နေတဲ့ ဆားတွင်းရွာနားမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာတစ်လအတွင်းမှာ ကြက်သေ ချောင်းရွာက နေအိမ် ၁၅ လုံး၊ ဆူးပုတ်ချောင်းရွာက နေအိမ် ၄၀၊ အင်ကြင်းကုန်းရွာက နေအိမ် ၂၀ လုံး၊ အလယ်တောရွာက နေအိမ် ၂၀ လုံး၊ အင်းတိန်ရွာက နေအိမ် ၃၀ စုစုပေါင်းနေအိမ် ၁၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ ရွာခြောက်ရွာက ဒေသခံ ၅၀၀ ခန့်နဲ့ အနီးအနားရွာတွေက ဒေသခံတွေ အပါအဝင် စုစုပေါင်း တစ်ထောင်နီးပါး ဘေးလွတ်ရာထွက်ပြေးခဲ့ရသလို ထီးချိုင့်- မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ ရွာပေါင်း ၁၅ ရွာက ဒေသခံ ငါးထောင် နီးပါးလည်း ဒီနေ့အချိန်အထိ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်တယ်လို့ ထီးချိုင့် ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမရှိသလို အရပ်သားတွေအပေါ် ထိခိုက်အောင်လုပ်တာမရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။