ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေး
2012.09.13

တွေ့ဆုံရာမှာ တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ ဝူဘန်းကို က တရုတ် မြန်မာနှစ်နိုင်ငံကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ အဆင်ပြေချောမွေ့ဖို့နဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကိစ္စတွေကို အလေးပေး ပြောဆိုခဲ့ကြောင်း ချိုင်းနားဒေလီ သတင်းစာက ဖော်ပြပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးတွဲဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာ အဓိကစီမံကိန်းတွေ ချောချောမွေ့မွေ့ တိုးတက်မှု ရရှိအောင် အထူးဆောင်ရွက်ဖို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလို စီမံကိန်းကြီးတချို့အဆင်ပြေပြေ ဆောင်ရွက်နိုင်အောင် အသေအချာ စီမံဖို့ ဝူဘန်းကို က တိုက်တွန်းသွားခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောနှစ်တွေအတွင်း တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏဟာ မှန်မှန်တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ် ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတချို့မှာ ပြဿနာတွေ ရှိခဲ့ပါတယ်။
မနှစ်က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ထုတ်ယူရေးစီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့ပါတယ်။ အလားတူ တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာလည်း ဒေသခံတွေရဲ့ ဆန့်ကျင်ဆန္ဒပြ ခံနေရပါတယ်။