သတင်းသမား ၃ ဦးအမှု အာမခံ ဒုတိယအကြိမ် ပယ်ချ


2017.08.18
three-reporters-aug18-622.jpg သတင်းသမားသုံးဦး အပါအဝင် ၆ ဦးကို သြဂုတ်လ ၁၈ ရက်နေ့ သီပေါမြို့နယ် တရားရုံးကို ရုံးထုတ်လာစဉ်
Photo: Kan Thar/RFA

မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုခံထားရတဲ့ DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းသမားသုံးဦး အပါအဝင် ၆ဦးရဲ့ ဒုတိယအကြိမ် အာမခံလျှောက်ထားမှုကို သီပေါတရားရုံးက ဒီကနေ့ ထပ်မံ ပယ်ချလိုက်ပါတယ်။

အမှုနဲ့ဆိုင်တဲ့ သက်သေခံချက်တွေ၊ တရားလိုပြသက်သေတွေ စစ်ဆေးဖို့ ကျန်နေတဲ့အပြင် အရေးယူခံထားရ သူတွေဟာ သီပေါမြို့မှာ နေထိုင်သူတွေ မဟုတ်တာကြောင့် အမှုစစ်ဆေးရာမှာ ကြန့်ကြာနိုင်တဲ့အတွက် အာမခံ ပယ်ချတာဖြစ်တယ်လို့ တရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်တာပါ။

သတင်းသမားတွေအတွက် ပထမအကြိမ်အဖြစ် အာမခံလျောက်ထားမှုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ ရုံးချိန်းမှာ လျောက်ထားခဲ့ပြီး တရာလိုပြ သက်သေတွေစစ်ဖို့ ကျန်နေတာနဲ့ အမှုရုပ်လုံး မပေါ်သေးတာကြောင့်ဆိုပြီး အခုလ၄ရက်နေ့မှာ ပထမကြိမ်အဖြစ် ပယ်ချခဲ့တာဖြစ်ပါတယ်။

DVB သတင်းဌာနက သတင်းထောက်တွေ ဖြစ်တဲ့ ဦးအေးနိုင်၊ ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် ကိုသိန်းဇော် ခေါ် ကိုလဝီ တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA  က ပြုလုပ်တဲ့ မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ အခမ်းအနားကို သွားရောက် သတင်းယူပြီး အပြန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့စီးလာတဲ့ကားတွေမှာ အတူပါလာသူ သုံးယောက်ကိုလည်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုဖမ်းဆီးထားပြီး အဲဒီအထဲက မိုင်းဆန်းညွန့်နဲ့ မိုင်းအောင်ခမ်းတို့ နှစ်ယောာက်ကို သူတို့ မောင်းတဲ့ ကားတွေဟာ လိုင်စင်မဲ့ကားတွေဖြစ်လို့ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပါ တရားစွဲဆိုထားပါတယ်။

အမှုအတွက် နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။