မြန်မာနိုင်ငံဒီမိုကရေစီရအောင် တွန်းအားပေးကြဖို့ သတင်းထောက်များအဖွဲ့ချုပ် တောင်းဆို

2022.11.02
မြန်မာနိုင်ငံဒီမိုကရေစီရအောင် တွန်းအားပေးကြဖို့ သတင်းထောက်များအဖွဲ့ချုပ် တောင်းဆို ၂၀၂၁ ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို သတင်းရယူခဲ့တဲ့ သတင်းသမားများ
(Photo: Citizen Journalist)

မြန်မာနိုင်ငံသားတွေရဲ့ဘဝ ဘေးကင်းလုံခြုံမှုရှိအောင်အာမခံချက်ပေးဖို့၊ အာဏာသိမ်းစစ်ကောင်စီကိုဖိအားပိုပေးကြဖို့နဲ့ ဒီမိုရေစီလမ်းကြောင်းကို ပြန်လည်ရောက်ရှိအောင်တွန်းအားပေးဖို့ အပြည်ပြည်ဆိုင်ရာသတင်းထောက်များအဖွဲ့ချုပ် IFJ က နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာသတင်းထောက်များအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကကင်းလွတ်နေမှုရပ်တန့်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ IFJ က အစီရင်ခံစာထုတ်ပြန်လိုက်တာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သတင်းသမားတွေကို မတရားဖိနှိပ်မှုတွေနဲ့ အမှီအခိုကင်းတဲ့ မီဒီယာတွေကို တိုက်ခိုက်နေတာတွေကိုလည်း ရှုံ့ချကြောင်းလည်း ပြောထားပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက် သတင်းသမား ၁၄၂ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတင်းထောက် အလုပ်လုပ်နေတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာမရှိဘူးလို့ RFA ကို ၂၀၂၂ ခုနှစ်၊ မေလက ပြောထားပါတယ်။

IFJရဲ့ အစီရင်ခံစာထဲမှာ စစ်အစိုးရကို ငြင်းပယ်ဖို့နဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအပေါ် ရက်စက်ကြမ်းကြုတ်ပြီး ရန်လိုတဲ့ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်ချက်တွေက မလုံလောက်သေးဘူးလို့ ထောက်ပြပြောထားပါတယ်။

အာဆီယံအနေနဲ့ လာမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း ကျင်းပမယ့် ညီလာခံမတိုင်ခင် မြန်မာစစ်အုပ်စုကို ပြင်းပြင်းထန်ထန် အရေးယူဖို့ကိုလည်း IFJ ကတောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ မိမိလူမျိုးကိုသတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာက တောင်းဆိုမှုတွေကို လျစ်လျူရှုထားကြောင်းလည်းဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။