ကားဆရာ နှစ်ယောက်အမှု ရုံးချိန်းထပ်မံချိန်းဆို


2017.09.29
two-drivers-622.jpg သီပေါမြို့နယ်တရားရုံးမှာ စက်တင်ဘာလ ၄ ရက်နေ့က ကားဆရာနှစ်ယောက်ကို ရုံးထုတ်ခဲ့စဉ်
Photo: Kan Thar/ RFA

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ရဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းယူတဲ့ သတင်းသမားတွေကို လိုက်ပို့ပေးတဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ တရားစွဲခံထားရတဲ့ ကားဆရာနှစ်ဦးရဲ့ ဒီကနေ့ရုံးချိန်းမှာ ကားဆရာ မိုင်းဆန်းညွှန့်ရဲ့ ရှေ့နေ မလာရောက်နိုင်တာကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့ကို ရုံးချိန်းထပ်မံဆင့်ခေါ်လိုက်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ တရားလိုဘက်က ပြန်ခေါ်သက်သေတွေကို စစ်ဆေးဖို့ဖြစ်ပေမယ့် ရှေ့နေ တစ်ယောက် မလာရောက်နိုင်လို့ နောက်လကို ချိန်းဆိုလိုက်တာလို့ကားဆရာ မိုင်းအောင်ခမ်းရဲ့ ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းမြင့်အောင် က ပြောပါတယ်။

လာမယ့်ရုံးချိန်းမှာ ကားဆရာတွေအမှုအတွက် ပြန်ခေါ်သက်သေတွေဖြစ်တဲ့ တပ်မတော်ဘက်က ဗိုလ်သက်နိုင်ဦးနဲ့နမ့်ဆန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေ တို့ကို စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကားဆရာ မိုင်းအောင်ခမ်းနဲ့ မိုင်းဆန်းညွန့်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက TNLA ရဲ့ မူးယစ်ဆေးဝါး ဖျက်ဆီးပွဲကို သွားတဲ့ သတင်းသမားတွေကို ကားနဲ့လိုက်ပို့ပြီး အပြန်မှာ သတင်းသမားတွေနဲ့အတူ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ကို အရင်က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ ပို့ကုန်သွင်းကုန်ဥပဒေတို့နဲ့  အမှုဖွင့်ခဲ့ပေမယ့် နောက်ပိုင်းမှာ တပ်မတော်က ပုဒ်မ ၁၇/၁ နဲ့ စွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းလိုက်တာပါ။

ဒါကြောင့် သူတို့နဲ့အတူ အမှုဖွင့်ခံရသူတွေ လွတ်မြောက်သွားပေမယ့် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှု ကျန်နေတဲ့ သူတို့နှစ်ယောက်ကတော့ အခုလိုဆက်ပြီး တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။