PDF သုံးယောက် မြန်မာဘက်လွှဲပြောင်းလိုက်တဲ့ ထိုင်းအာဏာပိုင်တွေကို APHR ရှုတ်ချ
2023.04.12

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF သုံးယောက်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးပြီး မြန်မာဘက်လွှဲပြောင်းလိုက်တာကို အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ အလားတူဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုလိုက်ပါတယ်။
"မြန်မာဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို ထိုင်းအာဏာပိုင်တွေက အတင်းအကျပ် မြန်မာနိုင်ငံ ပြန်ပို့တာဟာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေ၊ စံနှုန်းနဲ့ မူတွေကို ချိုးဖောက်လိုက်တာ"လို့ APHR အဖွဲ့ ဥက္ကဋ္ဌ Mercy Barends က ပြောပါတယ်။
Lion Battalion ဗျူဟာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းနဲ့ ကိုစောဖြိုးလေးတို့ သုံးယောက်ဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ကို ဆေးကုသဖို့သွားစဉ် လူဝင်မှုစစ်ဆေးရေးဂိတ်မှာ ဧပြီ ၁ ရက်က ဖမ်းဆီးခံခဲ့ရတာပါ။
ဧပြီ ၄ ရက်မှာတော့ သူတို့ကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီရဲ့ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် BGF ကို လွှဲပြောင်းလိုက်တာဖြစ်ပြီး အဲဒီချိန်မှာ PDF အဖွဲ့ဝင်တစ်ယောက်ကို BGF က ပစ်သတ်လိုက်တယ်လို့ မျက်မြင်တချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး APHR ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
BGF ကိုလွှဲပြောင်းပေးချိန်မှာ ကိုစောဖြိုးလေး က ထွက်ပြေးတဲ့အတွက် ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့အကြောင်း RFA က ဧပြီ ၁ဝရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ထိုင်းမှာ ခိုလှုံခွင့်တောင်းနေတဲ့ မြန်မာနိုင်ငံသားတွေဟာ တရားဥပဒေရဲ့အကာအကွယ် ကင်းမဲ့နေပြီး အချိန်မရွေး ပြည်နှင်ဒဏ်ပေးခံရနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း APHR က ဆိုပါတယ်။
"မြန်မာနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ခံရနိုင်တဲ့အခြေအနေကနေ ထွက်ပြေးလာသူတွေကို ထိုင်းနိုင်ငံထဲ အန္တရာယ်ကင်းစွာ ဝင်ရောက်ခွင့်ပေးဖို့နဲ့ သူတို့လုံခြုံရေးကို ဦးစားပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းပါတယ်။ ထိုင်းအာဏာပိုင်တွေ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့တာကို ချက်ချင်းရပ်တန့်ရမယ်" လို့ APHR ဥက္ကဋ္ဌ က ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံပြီး သူတို့ရဲ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ထိုင်းအစိုးရကို ဖိအားပေးဖို့လည်း အာဆီယံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအသိုင်းအဝန်းကို APHR က တောင်းဆိုထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့ အနီးမှာ စစ်ကောင်စီနဲ့ BGF က တစ်ဖက်၊ ကရင်လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူတစ်သောင်းလောက်နယ်စပ်ကို ဖြတ်ကျော်ပြီး မဲဆောက်မြို့က ယာယီစခန်းတွေမှာ နေထိုင်နေရပါတယ်။ ထွက်ပြေးရတဲ့သူ အများစုက တိုက်ပွဲမှာ မပါဝင်တဲ့သူတွေ ဖြစ်ပါတယ်။
တိုက်ပွဲအရှိန်လျော့သွားတဲ့အတွက် လူ တစ်ထောင်လောက် မိမိသဘောဆန္ဒအလျောက်ပြန်သွားကြပြီလို့ ဒေသန္တရဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနဲ့မြန်မာ နယ်စပ်ချင်း ကီလိုမီတာ ၂၄၀၀ လောက်ထိစပ်နေပေမယ့် စစ်ကောင်စီရဲ့ ရက်စက်မှုက လွတ်မြောက်ရာလွတ်မြောက်ကြောင်း ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက လက်ကမ်း မကြိုဆိုဘူးလို့လည်း APHR ဥက္ကဋ္ဌ Mercy Barends က ဝေဖန်ပါတယ်။