မြိုင်မြို့နယ် ပိတောက်ကန်ရွာသားသုံးဦး လက်နက်ကြီးကြောင့် သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် ပိတောက်ကန်ရွာကို မေလ ၁၃ ရက် မနေ့က စစ်ကောင်စီတပ် ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရွာသား သုံးဦး သေဆုံးကာ လူနေအိမ် ၄၅ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ပိတောက်ကန်ရွာ သားတွေက ပြောကြပါတယ်။
မနေ့ နေ့လယ်လောက်က မိသားစုဝင်တွေသုံးဦးတို့ အိမ်ထဲမှာရှိနေစဉ် လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲလို့ သုံးဦးစလုံး သေဆုံးခဲ့ရတာလို့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"သားအဖသုံးယောက်လုံး ထမင်းစားပြီးနားနေတဲ့အချိန်မှာ လက်နက်ကြီးကျတာ။ သူတို့ မနက်ခင်းက စစ်ကြောင်းရှိတယ်ကြားလို့ ရှောင်နေရာကနေ နေ့ခင်းနေ့လယ် မလာဘူး ထင်လို့ ရွာထဲထမင်းစား ခဏပြန်လာနားနေတဲ့အချိန်မှာ ဖြစ်သွားတာ။ ကျနော်တို့ရွာကို သပ်သပ်မယ့်ပစ်တာပါ။ ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာပါ"
အသက် ၇၀ အရွယ်တွေ ဖြစ်တဲ့ ဦးဝက်ကြီး၊ ဒေါ်ခင်ထွေးနဲ့ အသက် ၂၈ နှစ်ခန့်ရှိတဲ့ သားဖြစ်သူ ကိုရဲမြင့်တို့ သေဆုံးခဲ့ရတာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပိတောက်ကန်ရွာနဲ့ သုံးမိုင်ခန့်ဝေးတဲ့ သံဘို ရွာကနေ ရွာထဲမှာ PDF တွေ ရှိတယ်ဆိုတဲ့ သံသယနဲ့ လက်နက်ကြီးနဲ့ လေးကြိမ်ပစ်ခတ်ရာမှာ အခုလို သေဆုံးခဲ့ရတဲ့အပြင် နေအိမ် ၄၅ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
နေအိမ်တွေ မီးလောင်နေတာကိုတောင် မငြှိမ်းသတ်ရဘဲ တစ်ရွာလုံး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
ပိတောက်ကန်ရွာ ခေါ် ရွာရှည်ရွာဟာ အိမ်ခြေ ၅၀၀ ခန့်ရှိပြီး အနီးပတ်ဝန်ကျင်ရွာတွေဖြစ် တဲ့ လက်ယက်မ၊ တောင်ကိုင်း၊ ချစ်တီး၊ သံဘို၊ ကျောက်တော စတဲ့ကျေးရွာက ဒေသခံ ရွာသား တစ်ထောင်ကျော်တို့လည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။