မောင်တောတိုက်ပွဲအပြီး ရွာအုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦး အဖမ်းခံရ

2022.07.20
မောင်တောတိုက်ပွဲအပြီး ရွာအုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦး အဖမ်းခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: REUTERS

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင်လ ၂၀ ရက် ဒီကနေ့ မနက် ၄ နာရီမှာ ကြိမ်ချောင်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

အဖမ်းခံရသူတွေက ကြိမ်ချောင်းရွာ အုပ်ချုပ်ရေးမှူး ဦးဘုန်းကံနိုင် (ခ) ဦးကိုကိုအောင်၊ ဦးထွန်းချေနဲ့ ဦးထွန်းအေးကြိုင်တို့ ဖြစ်ပါတယ်။

နေအိမ်ကနေ လာဖမ်းသွားတာလို့ ဦးထွန်းချေရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က စစ်ဆေးစရာရှိတယ်ဆိုပြီး အိမ်ကနေခေါ်သွားတာ။ ဘာကြောင့်ခေါ်တာလဲ ဆိုတာကိုတော့ မသိဘူး။ အခုအထိလည်း အဆက်အသွယ်မရသေးဘူး။ ဖုန်းတွေကို လည်း သိမ်းသွားတယ်။ သူတို့ ဖမ်းသွားတယ်ဆိုတော့ စိုးရိမ်ရတာပေါ့။ သူတို့က ရိုးရိုးသားသား လုပ်စားနေကြတဲ့သူတွေပါ။ ဆိုင်ရောင်းတယ်၊ ဆီဆိုင်ရောင်းတယ်။ သူတို့ကို အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်"

သူတို့ကို နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၇) တပ်ရင်းထဲ ဖမ်းခေါ်သွားတယ်လို့ သိရပေမယ့် အခုအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ မေလကစပြီး နှစ်ဖက် စစ်ရေးတင်းမာမှုတွေရှိနေသလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကတော့ မောင်တောမြို့နယ် မြောက်ပိုင်းမှာ AA နဲ့ စစ်ကောင်စီတပ် တို့ နှစ်ကြိမ်ဆက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်သားတွေ ထိခိုက်သေဆုံးခဲ့ပြီး ရဲမှူး တစ်ဦး အပါအဝင် တပ်သား ၁၄ ဦးနဲ့ လက်နက် ၂၈ လက်ကို ဖမ်းဆီးရမိတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက မနေ့ကပဲ RFA ကို ဖြေဆိုထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တိတိကျကျ သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ အကြောင်းပြန်ဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံလိုက်ရတဲ့ ဒေသခံ အယောက် ၃၀ ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲထား တယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။