လစာတိုးတောင်းတဲ့ စက်ရုံလုပ်သားများ ပြေလည်မှု မရ
2015.02.17

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန် ၃ မှာ အခြေခံလုပ်ခလစာ တိုးပေးဖို့ သပိတ်စခန်း ဖွင့် တောင်းဆိုနေကြတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရာမှာ ပြေလည်မှု မရခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေက တစ်လကို လုပ်ခလစာ ကျပ် သုံးသောင်း တိုးပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ အဲဒီတောင်းဆိုချက်ကို ဒီနေ့ဆွေးနွေးပွဲမှာ အလုပ်ရှင်ကိုယ်စားလှယ်တွေက ပယ်ချလိုက်တယ်လို့ E-Lan Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ကိုမျိုးမင်းမင်းက ပြောပါတယ်။
"ကျနော်တို့တောင်းတာက ၃ သောင်း၊ ဒါပေမဲ့ သူတို့ပေးတာက ၁၂ဝဝဝ၊ တစ်နေ့ကို ၄ဝဝ နှုန်းနဲ့ တစ်လလျှင် ၁၂ဝဝဝ နှုန်း၊ ဒီနေ့ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်လာညှိတာတောင် ဒီ့ထက်ထပ်တိုးမပေးနိုင်ဘူးတဲ့"
အလုပ်ရှင်၊ အစိုးရနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေဟာ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
E-lan Myanmar ၊ Costec ၊ Ford Glory ၊ ဟန်ကျင်းအထည်ချုပ်စက်ရုံက အလုပ်သမား ၅၀၀ ကျော်က လုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် သပိတ်စခန်းဖွင့်တောင်းဆိုနေတာ တစ်ပတ်ကျော်ရှိနေပြီဖြစ်ပါတယ်။