ကလေးမြို့ တာဟန်းရပ်ကွက်ထဲ လက်နက်ကြီးကျလို့ သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်ထဲကို မေလ ၂၈ ရက် မနေ့ညက လက်နက်ကြီးကျည် နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ သုံးဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၇ နာရီခန့်က ကလေးမြို့ပေါ်မှာ သေနတ်သံတွေ ကြားရပြီးတဲ့နောက် တာဟန်း ရပ်ကွက်ထဲ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ခဲ့တာလို့ ကလေးမြို့ခံ ပရဟိတ အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"လက်နက်ကြီးက မေတ္တာဆိုတဲ့ ပုဂ္ဂလိကဆေးရုံရဲ့ ကပ်ရပ်ခြံဝင်းထဲ ကျတာ။ အဲဒီအိမ်က ၆ လသား ကလေးကတော့ ဘာမှမဖြစ်ဘူး။ ကလေးအမေကတော့ ဆုံးသွားတယ်။ နောက် သူတို့ဧည့်သည် သားအမိနှစ်ယောက်ပေါ့နော်။ အဲဒါက ညက ဆုံးသွားတယ်။ ကျနော်တို့ ရပ်ကွက်ထဲပဲ တခြားနေရာမှာ နောက်တစ်လုံး ထပ်ကျတယ်။ အဲဒီမှာ တစ်ယောက် ဒဏ်ရာရပြီး ဒီနေ့ပဲ မန္တလေးကို အရေးပေါ်ကားနဲ့ ပို့လိုက်ပါတယ်"
လက်နက်ကြီးကျရောက်ခဲ့လို့ အိမ်ထဲမှာရှိနေတဲ့ အသက် ၂၅ နှစ်အရွယ် အိမ်ပိုင်ရှင် ခြောက်လသားအရွယ် ကလေးမိခင် တစ်ယောက်၊ မင်းကင်းမြို့က စစ်ဘေးဒုက္ခသည် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက်နဲ့ အသက် ၂၇ နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
ဒုတိယမြောက်ကျရောက်တဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၄၀ ကျော် အမျိုးသမီး တစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးမြို့ပေါ်က တခြားပရဟိတအဖွဲ့ တစ်ဖွဲ့ကလည်း အတည်ပြုပါတယ်။
အဲဒီလက်နက်ကြီးပစ်ခတ်မှုဟာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။