ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

2021.12.24
ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်တဲ့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးကို တွေ့ရစဉ်
Photo - Sunil Barua/BenarNews
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်ကနေ ၁၉ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပလောင် ဒုက္ခသည်စခန်းနဲ့ ဘာဆန်ချာ ကျွန်းပေါ်က ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ပြီး၊ ဒီခရီးစဉ် အတွင်း တွေ့ရှိချက်တွေကို အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
 
လက်ရှိအချိန်မှာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံက ထွက်ပြေးလာတာ လေးနှစ်ကျော်လာတဲ့အထိ အိမ်ပြန်နိုင်တဲ့ အခြေအနေ မရှိသေးသလို၊ ဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင်အသိုက်အဝန်းနဲ့အကြားမှာ တင်းမာမှု တွေပေါ်လာတာ သဘာဝပဲဖြစ်တဲ့အကြောင်း၊ ဒီအတွက် ရိုဟင်ဂျာတွေနဲ့ သူတို့ကို ကူညီနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကို အပြစ်တင်တာမျိုး မလုပ်သင့်တဲ့အကြောင်း မစ္စတာ တွမ်အင်ဒရူး က ရေးသားထားပါတယ်။
 
မစ္စတာ တွမ်အင်ဒရူးက ရိုဟင်ဂျာတွေကို လက်ခံထားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို လာရောက် အကူအညီ ပေးခွင့်ပေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ချီးကျူးပြောဆိုထားပြီး၊ ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာတွေအတွက် လုံခြုံရေး၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေရှည်အကျိုးဖြစ်ထွန်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ဘာဆန်ချာကျွန်းက ဒုက္ခသည်တွေအတွက် လွတ်လပ်စွာ ရွေ့ပြောင်း သွားလာခွင့်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်နေတာ တွေ့ရတယ်လို့ သုံးသပ်ပါတယ်။
 
ရိုဟင်ဂျာတွေကို ရွှေ့ပြောင်းထားရှိတဲ့ ဘာဆန်ချာကျွန်းကိုလည်း စစ်တကောင်းဆိပ်ကမ်းကနေ အသွားအပြန် ၆ နာရီကြာ ရေယာဉ်စီးပြီး သွားရောက်ကြည့်ရှုခဲ့တဲ့အကြောင်း၊ ဒီကျွန်းပေါ်က အခြေခံအဆောက်အအုံတွေ ဟာ ကောင်းမွန်စွာ တည်ဆောက်ထားပုံရပေမယ့်၊ ကျွန်းပေါ်က ဒုက္ခသည်တွေရဲ့ လွတ်လပ်စွာ ရွှေ့ပြောင်း သွားလာခွင့်နဲ့ ကျန်တဲ့ဒုက္ခသည်စခန်းတွေက ဆွေမျိုးမိသားစုတွေနဲ့ တွေ့ဆုံခွင့်တွေ မဆုံးရှုံးအောင်လုပ်ပေးဖို့ လိုတဲ့အကြောင်း၊ ဘာဆန်ချာ ကျွန်းပေါ်က ရိုဟင်ဂျာတွေ ကုန်းမကြီးပေါ်ကို သွားရောက်နိုင်ဖို့ ပုံမှန်ပြေးဆွဲတဲ့ ကူးတို့သင်္ဘောခရီးစဉ်တွေကို အခမဲ့ စီစဉ်ပေးသင့်တယ်လို့ သုံးသပ်ထားပါတယ်။
 
မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ပြဿနာအားလုံးရဲ့ တရားခံဟာ မြန်မာ့တပ်မတော်သာဖြစ်ပြီး၊ ဒီပြဿနာ ကို ဖြေရှင်းနိုင်မယ့် အဖြေဟာလည်း မြန်မာနိုင်ငံတွင်းမှာသာရှိတယ်လို့ မစ္စတာ တွမ်အင်ဒရူးက အစီရင်ခံစာ မှာ ရေးသားထားပြီး၊ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ရိုဟင်ဂျာတွေတင်မကဘဲ မြန်မာနိုင်ငံသား အားလုံး ဒုက္ခပေါင်းစုံ ခံစားနေကြရတာကိုလည်း မမေ့ကြဖို့ ရေးသားထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။