သီပေါမြို့ ကုန်းသာရွာတိုက်ပွဲကြောင့် ဒေသခံ ၃၀၀ နီးပါး မြို့ပေါ်ထွက်ပြေးရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် ကုန်းသာရွာမှာ နိုဝင်ဘာလ ၂၅ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲဖြစ်ခဲ့သလို လက်ရှိ မှာလည်း စစ်ရေးတင်းမာနေတာကြောင့် ကုန်းသာရွာအပါအဝင် အနီးနားရွာငါးရွာက ဒေသခံ ၃၀၀ နီးပါး သီပေါမြို့ကို ထွက်ပြေးလာကြတယ်လို့ သီပေါ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်အထိ ကုန်းသာရွာမှာ ရှမ်းနှစ်သစ်ကူး ပွဲတော်နဲ့ ကောက်သစ် ဆွမ်းကပ်ပွဲ ကျင်းပခဲ့ပြီး ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာလို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သီပေါမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“နှစ်ဖက်တိုက်ပွဲဖြစ်လို့ သီပေါမြို့ကိုရောက်လာကြတာ။ သူတို့ဘာသာ ပြောင်းလာကြ တာ။ သွားမခေါ်ခဲ့ရဘူး။ သီပေါမြို့က အောင်မင်္ဂလာဘိုးတော်ကျောင်းမှာ လူ ၃၀၀ လောက်ရှိပါတယ်။ အခုလောလောဆယ်တော့ မြို့ခံတွေက ကူညီပေးထားတာတော့ ရှိတယ်။ အကူအညီက ရေရှည်ဆိုရင်တော့ လိုအပ်မှာပေါ့”
နိုဝင်ဘာလ ၂၅ ရက် မနက်အစောပိုင်း ကောက်သစ်စားပွဲ ပြုလုပ်ပြီးချိန်မှာ စစ်ကောင်စီ တပ် ခြေလျင်တပ်ရင်း ၆၈ နဲ့ ၂၃ က အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ကုန်းသာ ရွာကို ဝင်ရောက်ခဲ့တာကြောင့် အဲဒီရွာမှာ လုံခြုံရေးယူထားတဲ့ SSPP/SSA တပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ SSPP/SSA က နိုဝင်ဘာ ၂၅ ရက် မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထား ပါတယ်။
၄၅ မိနစ်ကြာတဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တချို့သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် လက်ရှိ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ထား တာ မရှိသေးပါဘူး။
နှစ်ဖက်တိုက်ပွဲကြောင့် ကုန်းသာရွာအုပ်စုမှာရှိတဲ့ ဒေသခံတွေဟာ လုံယွန်းဘုန်းတော်ကြီး ကျောင်းနဲ့ သီပေါမြို့အတွင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း SSPP/SSA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။