သရုပ်ဆောင် သင်ဇာဝင့်ကျော် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရ
2022.12.23

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ရန်ကုန်တိုင်း၊ အင်းစိန်ထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မှာ ထောင်ငါးနှစ် ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခကြေးငွေရယူပြီး အင်တာနက် အွန်လိုင်းစာမျက်နှာပေါ်မှာ လိင်အသားပေးပုံတွေ ဖြန့်ချိတာဟာ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေခဲ့တယ်လို့ စွပ်စွဲပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ (က) နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲခဲ့တာပါ။
အဲဒီဥပဒေမှာ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေတဲ့ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရင် အနည်းဆုံး ထောင် ငါးနှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ စစ်ကောင်စီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေချိန် SSPP ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသက ဖွံ့ဖြိုးတိုးတက်ရေး ရုပ်သံမှတ်တမ်း သွားရောက်ရိုက်ကူးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသမှာ ပြုလုပ်ခဲ့တဲ့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုရဲ့သမီး မင်္ဂလာပွဲကိုလည်း ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း SSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ခဲ့တာပါ။
အဲဒီကနေ လားရှိုးမြို့ကိုအပြန် စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဇူလိုင်လ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။
သင်ဇာဝင့်ကျော်လိုပဲ လိင်အသားပေး မော်ဒယ်လုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မော်ဒယ် နန်းမွေစံကိုလည်း စစ်ကောင်စီက အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေမှု၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃(က) နဲ့ ထောင် ခြောက်နှစ် ချမှတ်ထားပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေနဲ့ အနုပညာရှင်တွေ အရေးယူခံရတာဟာ အခုတစ်ကြိမ်က ပထမဆုံးဖြစ်ပါတယ်။