သရုပ်ဆောင် ပိုးကြာဖြူခင် ဖမ်းဆီးခံရ

RFA Burmese
2023.06.20
သရုပ်ဆောင် ပိုးကြာဖြူခင် ဖမ်းဆီးခံရ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က သရုပ်ဆောင် ပိုးကြာဖြူခင်၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့် ဓာတ်ပုံ။
Poe Kyar Phyu Khin/Facebook

သရုပ်ဆောင် ပိုးကြာဖြူခင်ကို ဇွန်လ ၁၉ ရက် မနေ့ညပိုင်းက ရန်ကုန်မြို့နေအိမ်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ အနုပညာအသိုင်းအဝိုင်းကနေ RFA က စုံစမ်းသိရပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပိုးကြာဖြူခင်ဟာ သူ့ရဲ့ Tik Tok စာမျက်နှာမှာ "ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ခေါင်းဆောင်စစ်စစ်"ဆိုတဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့ပါတယ်။

"မနေ့ညက ရန်ကုန်အိမ်မှာ အဖမ်းခံလိုက်ရတယ်။ ပိုးကြာဖြူခင် ဘာမှမရေးဘူး။ အမေစုမွေးနေ့ ဆုတောင်းပဲတင်တာ၊ အဖမ်းခံရတာ ခင်ဝင့်ဝါရောလို့ ကြားတယ်၊ ခင်ဝင့်ဝါကတော့ သေချာလားမသေချာလားမသိသေးဘူး၊ ပိုးကြာဖြူခင်ကတော့ သေချာတယ်" လို့ အနုပညာသတင်းထောက်တစ်ဦးက RFA ကိုပြောပါတယ်။

သရုပ်ဆောင်ခင်ဝင့်ဝါ အပါအဝင် တခြားသရုပ်ဆောင်တချို့ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပိုးကြာဖြူခင် အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ကာယကံရှင်မိသားစုတွေဆီ ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ သူ့ကို ဘာစွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးနေလဲဆိုတာကိုတော့ RFA က မသိရသေးပါဘူး။

ပိုးကြာဖြူခင်ကို ဖမ်းဆီးပေးဖို့ စစ်ကောင်စီထောက်ခံရေးသမားတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားတာတွေလည်း ရှိခဲ့ပါတယ်။

ပိုးကြာဖြူခင်ဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ရင်း အနုပညာလောကထဲရောက်လာသူဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူက ရွှေနှစ်ပိဿာရှိ လက်ဝတ်ရတနာတွေနဲ့ ငွေသိန်းထောင်နဲ့ချီ တင်တောင်းခဲ့ပြီးနောက် ပိုးကြာဖြူခင်ဟာ ပိုလို့လူသိများလာသူဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်မှာပါဝင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူတာတွေရှိနေပါတယ်။ ပန်းပန်တဲ့သူ၊ ပန်းကိုင်တဲ့သူ အရပ်သား ၁၃၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီထဲကတချို့ ပြန်လည်လွတ်မြောက်လာတာတွေရှိပေမဲ့ တချို့ကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။