လူမှုကွန်ရက်မှာ လူသိများသူ အလင်းသခင် အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ် ချမှတ်ခံရ

RFA Burmese
2023.01.16
လူမှုကွန်ရက်မှာ လူသိများသူ အလင်းသခင် အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ် ချမှတ်ခံရ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ နေထိုင်တဲ့ အွန်လိုင်းဆယ်လီ အလင်းသခင်အား တွေ့ရစဉ်။
Kyaw Htwe

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာနေထိုင်တဲ့ လူမှုကွန်ရက်မှာလူသိများသူ အလင်းသခင် ဆိုသူကို အကြမ်းဖက်ဥပဒေပုဒ်မ-၅၀ (ည) နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့မှာ မူဆယ်မြို့နယ်၊ ခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ "နီးစပ်ရာ တလရကို လှူပါ" ဆိုတဲ့ပိုစ့် တင်ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့မှာ သူပုန်းရှောင်နေတဲ့ မူဆယ်မြို့ကနေအိမ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့ အင်အား ၂၀ နီးပါးနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီး သုံးလအကြာမှာ အခုလိုအမိန့်ချခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ဟုတ်ပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ အခု လားရှိုး ထောင်ကို ပို့ဖို့စီစဉ်နေတယ် ကြားပါတယ်။ ထောင်မရွှေ့ခင် လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက် ပေးခွင့်ရဖို့၊ မိသားစုနဲ့ တွေ့ခွင့်ရဖို့ စီစဉ်နေပါတယ်"

အသက် ၂၈ နှစ်အရွယ် အလင်းသခင် ဆိုသူကို ဖမ်းဆီးပြီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုပုဒ်မတပ်ပြီး ထောင်ချတဲ့အပေါ် တရားမျှတမှုမရှိဘူးလို့လည်း မိသားစုနဲ့နီးစပ်သူက ဆိုပါတယ်။

သူဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟာသဗီဒီယိုတွေနဲ့ နာမည်ကြီးလာသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ အစောပိုင်းကာလတွေမှာလည်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း ၂၃ လအတွင်း တစ်နိုင်ငံလုံးမှာ ပြည်သူ ၁၃,၄၉၅ ဦး ဖမ်းဆီးခံရပြီး ၂၀၅၇ ဦး ထောင်ဒဏ်ချမှတ်ခံထားရသလို ၂၇၃၄ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။