သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လွတ်မြောက်လာ
2025.01.04
ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီလ ၄ ရက် ဒီနေ့မှာ ပြန်လွတ်မြောက်လာပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီက အကျဉ်းသား ၅၈၆၄ ဦး ကို ဒီနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့အထဲမှာ ပါဝင်လာတာပါ။
သင်ဇာဝင့်ကျော် ကျန်းမာရေးကောင်းမွန်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီတစ်ခါတော့ အတည်ဖြစ်ပါတယ်။ ပြန်လွတ်လာတာ ဟုတ်ပါတယ်။ သူ ကျန်းမာရေးကောင်းပါတယ်ဗျ”
သင်ဇာဝင့်ကျော်ကို ရန်ကုန်တိုင်း အင်းစိန်ထောင်တွင်း တရားရုံးကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ (က) နဲ့ ထောင်ငါးနှစ် ချမှတ်ခဲ့တာပါ။
သင်ဇာဝင့်ကျော်လိုပဲ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ မော်ဒယ်လ် နန်းမွေစံလည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အတိအကျ သိနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ အခြားသော ထင်ရှားကျော်ကြား သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးနောက်မှာ ရာနဲ့ချီတဲ့ ထင်ရှားကျော်ကြားသူတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး တရားစွဲဆိုမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
အဲဒီအထဲကမှ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ အဆိုတော် ပိုပိုနဲ့ အလှအပရေးရာ ကျွမ်းကျင်သူ မဝင်းမင်းသန်းတို့ အပါအဝင် ထင်ရှားသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။