ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာ အတာသြင်္ကန်ပွဲ စုပေါင်းကျင်းပ

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ကုန်ဆုံးပြီး နှစ်သစ်သက္ကရာဇ် ၁၃၇၃ ခုနှစ် နှစ်သစ်ကူးမဲ့ အချိန်အခါသမယမှာပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာနိုင်ငံသားတွေ စုပေါင်း ကျင်းပတဲ့ မြန်မာ အတာသြင်္ကန်ပွဲကို ချင်းမိုင်မြို့ တက္ကသိုလ် Art Museum ဝင်းအတွင်းမှာ ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီလောက်မှာ စတင် ဖွင့်လှစ် ကျင်းပခဲ့ပါတယ်။

2011.04.12
thingyan_burb_wire_305_z.jpg ရိုးရာ နှစ်သစ်ကူး အတာသြင်္ကန် ပွဲတော်ကို ရန်ကုန်မြို့တွင် သံဆူးကြိုး အတားအဆီး၊ လုံခြုံရေး အစောင့်အကြပ်များ ကြားမှ ဆင်နွှဲနေကြသော မြန်မာ ပြည်သူလူထု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ခေါ် ဇင်းမယ်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေ စုစည်းပြီး အခုလို ပထမဆုံးအကြိမ် အတာသြင်္ကန် ကြိုတဲ့ပွဲတော် ကျင်းပခဲ့တာကိုတော့ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ (HREIB) က ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပြီး အတာသြင်္ကန် အကတွေနဲ့အတူ တခြား တိုင်းရင်းသားတွေကလည်း သူတို့ရဲ့ ရိုးရာအကတွေနဲ့ပါ ပါဝင်ဆင်နွှဲ ကပြခဲ့ကြတာကို တွေ့ရပါတယ်။

ဒီ မြန်မာအတာသြင်္ကန်ပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထိုင်းနိုင်ငံမှာ မြန်မာ့အတာသြင်္ကန်ရဲ့ အနုပညာတွေကို ဖော်ထုတ် ပြသခဲ့တာ ဖြစ်သလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အားလုံး အတာသြင်္ကန်ကို ဝိုင်းဝန်း ကြိုဆိုကြတာလည်း ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ချင်းမိုင် သြင်္ကန်က မြန်မာသြင်္ကန်နဲ့ ဆင်တယ်လို့ ပြောပေမဲ့ မြန်မာသြင်္ကန်က မြန်မာသြင်္ကန်ပါ ရိုးရာယဉ်ကျေးမှုက ရိုးရာယဉ်ကျေးမှု ကွဲလွဲတာရှိတယ်။ အဲ့တော့ ကိုယ့်ရဲ့ ရိုးရာဓလေ့လေးတွေ ထုံးလွမ်းနေတဲ့ ဒီလိုမျိုး သြင်္ကန်ပွဲလေး လုပ်မယ် ဆိုပြီးတော့ ကျနော် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်။ အဲ့ဒီအချိန်မှာ ကျနော် ဘာတွေ့ရလည်းဆိုတော့ ဒီ မြန်မာ သြင်္ကန်ကို မကြုံဖူးတဲ့ တိုင်းရင်းသား လူငယ်လေးတွေ မြန်မာ သြင်္ကန်ဆိုတာကို မကြားဘူးတဲ့ ကလေးငယ်လေးတွေက အစ ပါလာတယ်။ အဲဒီတော့ ကျနော်တို့မှာ အရမ်းကို ပီတီဖြစ်ရတယ်။ တိုင်းတပါးမှာ ရောက်နေတဲ့ မြန်မာ ပြည်သူက လူတွေကြားထဲမှာ မြန်မာ့ရိုးရာ ပွဲလေးတပွဲ အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့တာ ဒါ ကျနော်တို့ ကြားထဲမှာ သမိုင်းလေးတခုတော့ ဖြစ်သွားတယ်။ နောက်တခုကတော့ ဒီမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံး စုစုစည်းစည်း အတာသြင်္ကန်ကို ကြိုကြတဲ့ ပုံစံလေး ဖြစ်သွားတဲ့အတွက် စုစည်းမှုအားကိုလည်း ကျနော် ရရှိခဲ့ပါတယ်။”

ဒီ အတာသြင်္ကန်ကို ထိုင်းနိုင်ငံသားတွေနဲ့အတူ ကြိုကြတဲ့ ချင်းမိုင်မြန်မာအတာသြင်္ကန်ပွဲမှာ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ၊ ချင်းမိုင်မြို့မှာ ပညာသင်ကြားနေကြတဲ့ တိုင်းရင်းသား ကျောင်းသူကျောင်းသားတွေနဲ့ အငြိမ့်သဘင်အဖွဲ့က သီးညီနောင်အဖွဲ့သားတွေ အပါအဝင် အဖွဲ့အစည်းအသီးသီးက မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေလည်း ပါဝင် ဆင်နွှဲခဲ့ကြတာ တွေ့ရပါတယ်။ 

အတာသြင်္ကန်အကတွေကိုတော့ ဗုံဆိုင်းဝိုင်းတွေနဲ့ တီးခတ်သီဆိုထားတဲ့ သြင်္ကန်သီချင်းတွေကိုသာ သီဆိုကပြ ဖျော်ဖြေခဲ့ကြတာတွေ ရှိသလို ရှမ်း၊ ကချင် စတဲ့တိုင်းရင်းသားတွေကလည်း သူတို့ရဲ့ တိုင်းရင်းသား ဝတ်စုံတွေ ဝတ်ဆင်ပြီး ရိုးရာအကတွေနဲ့ ပါဝင်ဆင်နွှဲ ကပြခဲ့တာတွေရှိပါတယ်။ ချင်းမိုင်မြို့အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့က အမျိုးသမီးတွေကနေ စစ်အစိုးရကို လှောင်ပြောင် သရော်ထားတဲ့ အတာသြင်္ကန် သံချပ်ခွေကိုလည်း တင်ဆက် ပြသခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။