ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ တရားဝင်ဖြစ်မယ့် လမ်းကြောင်းတွေ တိုးချဲ့ပေးဖို့ IOM တိုက်တွန်း
2024.12.14

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေကို မှတ်ပုံတင်ပြီး တရားဝင် အလုပ်လုပ်ကိုင်နေထိုင်လို့ရမယ့် လမ်းကြောင်းတွေကို တိုးချဲ့ပေးဖို့ ရွေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က ဒီဇင်ဘာလ ၁၃ ရက်က ထုတ်ဝေတဲ့ အစီရင်ခံစာမှာ ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
IOM နဲ့ အခြား ကုလသမဂ္ဂအေဂျင်စီခြောက်ခု ပူးပေါင်းရေးသားထားတဲ့ အစီရင်ခံစာမှာ အိမ်နီးချင်းနိုင်ငံတွေက ရွေ့ပြောင်းလုပ်သားတွေကြောင့် ထိုင်းစီးပွားရေးတိုးတက်ဖို့ အဓိက မောင်းနှင်အားဖြစ်တယ်လို့ ဖော်ပြထားပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်မှု၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ငန်းခွင်အခြေအနေ၊ လူ့အခွင့်အရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တရားမျှတမှုရရှိတဲ့ အခြေအနေတွေအကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေ အများဆုံး ဝင်ရောက်ရာ ဗဟိုအချက်အချာအဖြစ်ရှိနေပြီး ရွှေ့ပြောင်းလုပ်သားတွေ၊ ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေ၊ လူကုန်ကူးခံရသူတွေ ခရီးဆုံး နိုင်ငံကို မရောက်ခင် ကြားခံနေရာအဖြစ် ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ထိုင်းနိုင်ငံသား မဟုတ်သူ နိုင်ငံခြားသား အနည်းဆုံး ၅ ဒသမ ၃ သန်းကို လက်ခံထားပြီး ဒါဟာ ၂၀၁၉ ခုနှစ်က ရှိခဲ့တဲ့ နိုင်ငံခြားသားအရေအတွက် ၄ ဒသမ ၉ သန်းထက် ၈ ရာခိုင်နှုန်း တိုးလာတာ ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၃ သန်းကျော် ရှိနေပြီး အများစုက အိမ်နီးချင်း မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ထိုင်းအစိုးရရဲ့ ၂၀၂၃ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၈ သန်းနီးပါး ရှိနေပြီး တရားမဝင် ဝင်ရောက်မှုတွေနဲ့ စာရင်းကောက်ယူဖို့ အခက်အခဲတွေကြောင့် အမှန်တကယ်ရှိနေတဲ့ မြန်မာနိုင်ငံသား အရေအတွက်က ဒီထက်အများကြီး ပိုများနိုင်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကြောင့် စီးပွားရေးအခွင့်အလမ်းနဲ့ လမ်းတံတား အခြေခံ အဆောက်အဦးတွေ တည်ဆောက်ပြုပြင်မှုတွေ တိုးတက်လာပြီး ထိုင်းစီးပွားရေးတိုးလာဖို့ အရေးကြီးတဲ့ မောင်းနှင်အားဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ခလစာ နည်းပါးတာ၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ အကာအကွယ်မရှိမှုတွေနဲ့ ကြုံတွေ့နေရပြီး ကိုဗစ် ၁၉ ကပ်ရောဂါ၊ နယ်စပ်ဂိတ်တွေ ပိတ်သွားတာနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပိုထိခိုက်လွယ်တဲ့ အခြေအနေရောက်နေကြတဲ့အကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။
“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေ ပိုပြင်းထန်လာတာနဲ့ အမျှ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်မှုကလည်း တိုးလာနေပါတယ်။ ဒီလို အခြေအနေမှာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လုံလောက်တဲ့ မူဝါဒတွေ ဖန်တီးရေးဆွဲဖို့ အရေးတကြီးလိုနေပါတယ်” လို့ IOM ရဲ့ အကြီးအကဲ Géraldine Ansart က ပြောပါတယ်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်အဖြစ် မှတ်ပုံတင်ပြီး တရားဝင်အလုပ်လုပ်ကိုင်နေထိုင် ခွင့်ပေးလို့ရမယ့် လမ်းကြောင်းတွေကို တိုးချဲ့ပေးဖို့နဲ့ မူရင်းနိုင်ငံကို မပြန်နိုင်ခင်အထိ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ရယူခွင့်ပေးဖို့ အရေးကြီးတဲ့အကြောင်း IOM ရဲ့ အကြီးအကဲက တိုက်တွန်းထားပါတယ်။