ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား တိုက်ခိုက်မှုတွေကို KNU ကန့်ကွက်
2024.12.31

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေက ခရိုင်နှစ်ခုမှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲနေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း KNU ဗဟိုက ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဟာ မဖြစ်နိုင်ကြောင်း KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။
"မနေ့က ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ အကြမ်းဖက်စစ်ခေါင်းဆောင်ကနေ သဝဏ်လွှာပို့ပြီးတော့ ဒီယဉ်ကျေးမှုတွေ ထိန်းသိမ်းပါဆိုပြီးတော့ တိုက်တွန်းပြောကြားတဲ့ဟာတွေရှိခဲ့ပေမဲ့လို တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့ဆီကိုလာပြီးတော့ ဗုံးကြဲတယ်လေ၊ အဲဒါကြောင့်မို့ ပြောချင်တာကတော့ အဲတာကတော့ ဘယ်လို့မှ လက်ခံနိုင်တဲ့ အချင်းအရာမဟုတ်ဘူး၊ စစ်ကောင်စီနဲ့တည်ဆောက်မဲ့ ငြိမ်းချမ်းရေးက ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကြိုက်တဲ့အချင်းအရာတစ်ခုပဲ၊ ကျွန်တော်တို့ လူအဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ဆိုရင် ငြိမ်းချမ်းရေးက တကယ်လိုအပ်တယ်၊ ဒါပေမဲ့ စစ်ကောင်စီ စစ်အာဏာရှင်တွေနဲ့ကတော့ ငြိမ်းချမ်းရေးက ဘယ်လိုမှမဖြစ်နိုင်ဘူး"
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို သဝဏ်လွှာပေးပို့ခဲ့ပြီး ငြိမ်းချမ်းရေးကို အလေးထားဖို့ ပြောဆိုခဲ့တာပါ။
ဒီဇင်ဘာလ ၃၀ ရက်နေ့က သထုံခရိုင်အတွင်းက ယိုကလားနဲ့ ထီးဖဒိုထာအကြားမှာ ပြုလုပ်တဲ့ပွဲနဲ့ ဖာပွန်ခရိုင် နိုဖော်ထီးကျေးရွာမှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးအခမ်းအနားအပြီး ပျော်ပွဲရွှင်ပွဲနဲ့ အားကစားပွဲတွေကျင်းပတဲ့နေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရအဆက်ဆက်က အသိအမှတ်ပြုထားတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အာဏာသိမ်း စစ်ကောင်စီက လူသိရှင်ကြား ရည်ရွယ်ချက်ရှိရှိ စော်ကားတာဖြစ်သလို ပွဲတော်ကို သွေးစွန်းညစ်ထေးပြီး သေကျေပျက်စီးစေလိုတဲ့ ရည်ရွည်ချက်နဲ့ လုပ်ရပ်လို့လည်း KNU က ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။