မြန်မာနိုင်ငံက လာတဲ့လှေတွေရှာဖွေဖို့ မလေးရှားနှစ်ဆတိုးကင်းလှည့်

RFA Burmese
2025.01.03
မြန်မာနိုင်ငံက လာတဲ့လှေတွေရှာဖွေဖို့ မလေးရှားနှစ်ဆတိုးကင်းလှည့် မလေးရှားနိုင်ငံမှ ပြန်ပို့မည့် မြန်မာရွှေ့ပြောင်းလုပ်သားများလိုက်ပါလာသည့် လူဝင်မှုကြီးကြပ်ရေး ထရပ်ကားတစ်စီးအား၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် တွေ့ရစဉ်။
REUTERS/Lim Huey Teng

မြန်မာနိုင်ငံကနေ နေရပ်ရွှေ့ပြောင်းလာတဲ့ အထောက်အထားမဲ့သူတွေကို တင်ဆောင်လာတဲ့ လှေတွေကိုရှာဖွေဖို့ မလေးရှားရေပြင်ပိုင်နက်မှာ နှစ်ဆတိုးကင်းလှည့်တဲ့အကြောင်း ကမ်းရိုးတန်းစောင့်တပ်က သောကြာနေ့က ပြောကြားတယ်လို့ ရိုက်တာက ဇန်နဝါရီ ၃ ရက်မှာ ဖော်ပြပါတယ်။

မလေးရှားအနောက်မြောက် Kedah ပြည်နယ်က ကျွန်းတစ်ကျွန်းပေါ်က အထောက်အထားမဲ့ မြန်မာ ၂၀၀ နီးပါးကို ဖမ်းဆီးမိပြီးနောက် ခုလို ဆောင်ရွက်တာပါ။

လှေတစ်စင်း Langkawi အပန်းဖြေကျွန်း ကမ်းပေါ်ရောက်လာပြီးနောက် အထောက်အထားမဲ့ မြန်မာ ၁၉၆ ယောက်ကို ရဲတပ်ဖွဲ့က သောကြာနေ့မနက် အစောပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

ဒီပုံအတိုင်း ပင်လယ်ပြင်မှာ အထောက်အထားမဲ့သူတွေ လိုက်ပါလာတဲ့ နောက်လှေနှစ်စင်း ရှိသေးတယ်ဆိုတဲ့ သတင်းသိရပေမဲ့ ဒီလှေနှစ်စင်းဘယ်နေရာ ရောက်နေသလဲဆိုတာ မသိရသေးဘူးလို့ ကမ်းရိုးတန်းစောင့်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

Langkawi ကျွန်းအလွန် မြောက်ဘက်ပိုင်း ရေပြင်နဲ့ နယ်ခြားတွေမှာ အာဏာပိုင်တွေ ကင်းလှည့်နေပြီး လှေတွေဘယ်နေရာမှာရှိသလဲဆိုတာ လေကြောင်းက ထောက်လှမ်းဖို့ပါ စီစဉ်ထားတယ်လို့ မလေးရှား ကမ်းရိုးတန်းစောင့်တပ် တာဝန်ရှိသူက ပြောပါတယ်။

ဒီလူတွေတင်ဆောင်လာတဲ့ လှေတွေသွားလာတာ သိရဖို့ ထိုင်းအာဏာပိုင်တွေနဲ့လည်း ဆက်သွယ်တယ်လို့ဆိုပါတယ်။

Langkawi ကျွန်းကို မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ လောက်ရောက်ရှိလာတယ်လို့ The Star သတင်းက သောကြာနေ့က ဖော်ပြပါတယ်။ ကမ်းရိုးတန်းစောင့်တပ်ကတော့ ရိုဟင်ဂျာတွေဟုတ်-မဟုတ် ကြေညာချက်မှာ မဖော်ပြပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။