အင်းစိန်ထောင်တွင်းသင်္ကြန်ကို ပူးပေါင်းမှာမဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ထုတ်ပြန်

2022.04.01
အင်းစိန်ထောင်တွင်းသင်္ကြန်ကို ပူးပေါင်းမှာမဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ထုတ်ပြန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့က မြင်ရသည့် အင်းစိန်အကျဉ်းထောင်ရှေ့ မြင်ကွင်း
Photo: RFA

အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ထောင်အာဏာပိုင်တွေ ဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ အခုနှစ် ထောင်တွင်းသင်္ကြန်ကို ပါဝင်မှာမဟုတ်ကြောင်း အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများ ကိုယ်စား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ဧပြီလ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ထောင်အာဏာပိုင်တွေဟာ ထောင်တွင်းသင်္ကြန် ကျင်းပဖို့ ပြင်ဆင်နေကြပြီး ဒါဟာ တော်လှန်ရေးပုံရိပ်ကို အားနည်းကျဆင်းအောင် လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်က ဦးထွန်းကြည်က ထောင်အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုတွေအပေါ် ဝေဖန်ပါတယ်။

"စစ်ကောင်စီက လူရာ အရမ်းဝင်ချင်နေတယ်။ အဲဒါကြောင့် ရုပ်ရှင်ရုံတွေ ဖွင့်၊ သင်္ကြန်မဏ္ဍပ်တွေ ဆောက်ပြီး နိုင်ငံတကာကို ပြချင်တာ။ သူတို့ဟာ အစိုးရတစ်ရပ်နဲ့ အညီ နိုင်ငံအတွင်း ပွဲလမ်းသဘင်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနေတယ်ပေါ့"

မကြာမီ ကျရောက်လာတော့မယ့် နှစ်သစ်ကူးသင်္ကြန်ပွဲကို နိုင်ငံတစ်ဝန်းမှာ စည်စည် ကားကား ကျင်းပသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။

လက်ရှိ ရန်ကုန် မြို့တော်ခန်းမရှေ့မှာလည်း စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ကို လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ဆောက်လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါပေမဲ့ ပြည်သူတွေဘက်ကတော့ စစ်ကောင်စီရဲ့ သင်္ကြန်ကာလပြင်ဆင်မှုကို စိတ်ဝင်စားမှု မရှိသလို ပြီးခဲ့တဲ့နှစ်ကလို သင်္ကြန်ပွဲကို ဆင်နွှဲမှာမဟုတ်ဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။