သီလဝါ အထူးစီးပွားရေးဇုန် B အကောင်အထည်ဖော်ရေး စာချုပ်လက်မှတ်ရေးထိုး
2016.10.21

သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့် ဇုန် B စီမံကိန်းကို မြေယာပြဿနာ ဖြေရှင်းပြီးတဲ့ မြေနေရာတွေမှာပဲ အကောင်အထည်ဖော်မယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဆက်အောင် က ပြော ပါတယ်။
ဒီကနေ့ နေပြည်တော် Park Royal Hotel မှာ မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံက သီလဝါစီမံကိန်း ဒုတိယအဆင့် အကောင် အထည်ဖေါ်ဖို့အတွက် နှစ်ဖက်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။ စီမံကိန်းလုပ်မယ့်နေ ရာမှာ မြေယာပြဿနာတွေဖြစ်နေရင် ဆက်မလုပ်ဘူးဆိုတဲ့ ဂျပန်ကုမ္ပဏီ တာဝန်ရှိသူရဲ့ စကားနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဆက်အောင် က ပြန်လည်ဖြေကြားတာ ဖြစ်ပါတယ်။
မြန်မာ - ဂျပန်သီလဝါ ဖွံ့ဖြိုးရေးကုမ္ပဏီ လီမိတက်က အမှုဆောင်အရာရှိ ချုပ် မစ္စတာ တာကာရှီက ဒေသခံတွေနဲ့ အစိုးရအကြား မြေယာပြဿနာတွေကို ပြေလည်အောင် မညှိနှိုင်းနိုင်ရင် သီလဝါအထူးစီးပွားရေးဇုန် ဘီ ကို ဆက်လက် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့ မနေ့က သတင်းထောက်တွေကို ပြောထားပါတယ်။
သီလဝါ အထူးစီးပွားရေးဇုန် ဇုန် B ကို ဟက်တာ ၇၀၀ (ဧကပေါင်း ၁၆၈၀) မှာ အကောင်အထည်ဖော်မှာဖြစ် ပါတယ်။
အကျယ်အဝန်း ဟက်တာ ၄၀၀၊ ဧကအားဖြင့် ၉၆၀ နီးပါးရှိတဲ့ သီလဝါအထူးစီးပွားရေးဇုန် A ကိုတော့ ၂၀၁၂ ခုနှစ်မှာ လက်မှတ်ရေးထိုး သဘောတူခဲ့ပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ စတင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ နိုင်ငံပေါင်း ၁၇ နိုင်ငံက ရင်းနှီးမြှုပ်နှံသူပေါင်း ၇၂ ဦးကို ခွင့်ပြုထားပြီး စီးပွားဖြစ်စက်ရုံပေါင်း ၁၉ ခုစတင်လည်ပတ်နေတယ်လို့ သိရပါတယ်။