ရန်ကုန်က ဂျပန် ဆူဇူကီးစက်ရုံ ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်း

2022.07.08
ရန်ကုန်က ဂျပန် ဆူဇူကီးစက်ရုံ ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်း သီလဝါ အထူးစီးပွားရေးဇုန်က ဆူဇူကီးမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံကို ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Suzuki Myanmar Motor

ကားပစ္စည်းအစိတ်အပိုင်းတွေ တင်သွင်းခွင့်မရတာကြောင့် ရန်ကုန်မြို့ သီလဝါ အထူး စီးပွားရေးဇုန်က ဂျပန်ကားကုမ္ပဏီဖြစ်တဲ့ ဆူဇူကီးမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံရဲ့ ကားထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းထားတယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ဇူလိုင်လ ၈ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဆူဇူကီးကားအရောင်းပြခန်း (Showroom) ၅၉ ခုရှိပြီး ကားထုတ်လုပ်မှု ယာယီရပ်နားတာနဲ့ ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေနဲ့ Showroom ပိုင်ရှင် ၅၉ ဦးတို့ ဇူလိုင်လ ၁၅ ရက်နေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဆူဇူကီး Showroom ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကားအရောင်းပြခန်းတွေက လက်ကျန်ကားတွေကိုသာ ရောင်းချ နေကြရတယ်လို့ သူက ဆိုပါတယ်။

ပြည်တွင်းမှာရှိနေတဲ့ စက်ရုံက ကားထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တာကြောင့် ကားအသစ် ဈေးကွက်မှာ ဈေးနှုန်းမြင့်လာနိုင်တယ်လို့ ရန်ကုန်မြို့က ကားအရောင်းအဝယ် လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လောလောဆယ်မှာ ဆူဇူကီးကားတွေကတော့ အာတီကာတို့ဆိုရင် ၆၀၀ ပေါ့ (ကျပ်သိန်း ၆၀၀)။ ကားအသေးလေးတွေဆိုရင် အရင်တုန်းက သိန်း ၂၀၀ ကျော်လောက် ရောင်းနေတာကနေ သိန်း ၃၀၀ ကျော် ဖြစ်လာတယ်ဆိုတာ ဈေးကွက်မှာ အမှန်တကယ် ဖြစ်နေတဲ့ဈေးပဲ။ ဝယ်လိုအားများတယ်။ ကားက ရောင်းဖို့မရှိတဲ့အတွက် အဲလို ဖြစ်သွား တာလေ။ လူတွေက 0 kilo ကို ကြိုက်ပြီးဝယ်ကြတာ။ အခုလို ကုမ္ပဏီထုတ်တဲ့ ကားတွေက အဝယ်ပိုလိုက်တာပေါ့။ ကားဈေးကွက်ကိုတော့ ဝင်ထိန်းဖို့မလွယ်ဘူး။ အဲလိုထုတ်ခွင့်မရတော့ရင်တော့ ဈေးကွက်က မြင့်လာမှာပဲ”

ဆူဇူကီးက ထုတ်လုပ်တပ်ဆင်တဲ့ကားတွေအထဲမှာ Ertiga၊ Ciaz နဲ့ Swift စတဲ့ အမျိုး အစား အိမ်စီးကားတွေအပြင် လုပ်ငန်းသုံး Carry Light Truck အမျိုးအစားတွေကိုလည်း ကားဈေးကွက်ထဲမှာ လူကြိုက်များတယ်လို့ ကားအရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာတဲ့ ဆူဇူကီးကားကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်ကစလို့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် ရင်းနှီးမြှုပ်နှံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။