သီတဂူ ဆရာတော် ကချင် ခရီးစဉ် အတွင်း မျက်စိဝေဒနာရှင် ၂၄၁ ဦးခွဲစိတ်ကုသ
2012.10.16
မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် သီတဂူ စက္ခုဒါနဆေးရုံမှာ ကုသပေးနေတာဟာ ဒီကနေ့ နောက်ဆုံးနေ့ဖြစ်ပြီး လက်ရှိ အခြေအနေတွေကို မြစ်ကြီးနားမြို့ သီတဂူ စက္ခုဒါန ဆေးရုံတော် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းက RFA ကို အခုလို ပြောပါတယ်။
"အဲဒီ ၁၈၆၁ ဦးကို ကျွန်တော်တို့ ခွဲစိတ်ပြီးတဲ့ လူနာပေါင်းက ၂၄၁ ဦး ရှိသွားပါပြီ။ ၁၂ ရက်နေ့ လေယာဉ်က ဆင်းတာနဲ့ ချက်ချင်းကို ခွဲပါတယ်။ ကျွန်တော်တို့ မြစ်ကြီးနား အနေနဲ့က အထူးသဖြင့် တောင်ပေါ်ဒေသက ဆင်းရဲတဲ့ တိုင်းရင်းသားတွေ များလာပါတယ်။ ပူတာအိုခရိုင်ကနေ ဒီဘက်ထိအောင် ရောက်လာပါတယ်။ ဆရာတော်ကြီး ကနေပြီးတော့မှ ကဲ- ဒီလောက်ခက်ခဲနေတဲ့ ပူတာအိုကနေပြီးတော့မှ ခြေလျင်တမျိုး ကားနဲ့တမျိုးလာကြတဲ့အတွက်မို့ ပူတာအိုမှာပါ ခွဲပေးမယ် ဆိုပြီးတော့မှ မနှစ်ကစပြီးတော့မှ ပူတာအိုပါ စီစဉ်ပေးခြင်း ဖြစ်ပါတယ်။"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသား ၁၈၀၀ ကို တရားဟောပြီး ညမနက် ဒံပေါက်ထမင်းကျွေးခဲ့သလို မျက်စိဝေဒနာရှင် အကျဉ်းသား ၂၇ ဦးကို ကြည့်ရှုကုသပေးခဲ့ပါတယ်။
သီတဂူ ဆရာတော်ဟာ မနေ့ကတော့ ပူတာအိုမြို့ကို ကြွခဲ့ပြီး မျက်စိဝေဒနာရှင် ၅၀၀ ကျော်ကို ကြည့်ရှု ကုသပေးတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဆန်စပါး ရှားပါးနေတဲ့ ပူတာအိုခရိုင် အတွင်းမှာ ရှိတဲ့ ဒေသခံပြည်သူတွေကို ဆန်အိတ် ၁၀၀ နဲ့ကြက်သွန်နီ ပိဿာ ၅၀ လှူဒါန်းတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ဆရာတော်ရဲ့ သီတဂူ စက္ခုဒါန ဆေးရုံ ၁၉ ရုံရှိပြီးတော့ မျက်စိ ဝေဒနာရှင်တွေကို အခမဲ့ ကုသပေးလာတာဟာ အခုဆိုရင် ၁၅ နှစ်ရှိပြီလို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ဖူးပါတယ်။