CDM ကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို ထောင်သုံးနှစ်ထပ်ချ

2022.10.15
CDM ကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို ထောင်သုံးနှစ်ထပ်ချ CDM အထက်တန်းကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို တွေ့ရစဉ်။
ဓာတ်ပုံ - အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ

အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC) ဗဟို ကော်မတီဝင်တစ်ဦးဖြစ်တဲ့ CDM အထက်တန်းကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို မန္တလေးတိုင်း၊ အောင်မြေသာစံတရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(က) နဲ့ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ ကာယကံရှင်မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အောက်တိုဘာလထဲမှာ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပေမယ့် ရက်အတိအကျကို မသိရဘူးလို့ BEGSC က အောက်တိုဘာလ ၁၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ယခုနှစ် သြဂုတ်လတုန်းကလည်း ဆရာမ ဒေါ်သက်ဆုလှိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂(က)နဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ရှစ်နှစ်ရှိပြီလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"စက်တင်ဘာ ၂ ရက်က အဆက်အသွယ် ရတယ်။ သူ ဒီတစ်ပတ်အတွင်း အမိန့်ချခံရဖို့ ရှိတယ်လို့ ပြောပြတယ်။ ပထမတစ်ခါက ဩဂုတ်လက အမိန့်ချခံရတာ။ အခုလည်း ဒီလထဲမှာ အမိန့်ချခံရတာ၊ မိသားစုကို ဘာမှအကြောင်းကြားတာမျိုး မရှိဘူး။ ဆရာမက နှစ်မှုပေါင်း ရှစ်နှစ် ကျခံရတာပေါ့။ အမှုရင်ဆိုင်စရာ မရှိတော့ပါဘူး"

အသက် ၂၉ နှစ်အရွယ် ဒေါ်သက်ဆုလှိုင်ဟာ အောင်မြေသာစံမြို့နယ်၊ အ.ထ.က (၃၃) အခြေခံပညာအထက်တန်းကျောင်းက ဆရာမတစ်ဦးဖြစ်ပြီး အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ရင်း၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

လက်ရှိ အိုးဘိုထောင်မှာ ထောင်ဒဏ်ကျခံနေရပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန် ပေမယ့် မိသားစုနဲ့ တွေ့ခွင့်မရဘူးလို့ ဒေါ်သက်ဆုလှိုင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း CDM လှုပ်ရှားမှုမှာ ပါဝင်သူနဲ့ အာဏာသိမ်းမှု ဆန့်ကျင်သူ စုစုပေါင်း ၁၂,၆၅၅ ဦး ဖမ်ဆီးခံထားရပြီး အဲဒီထဲက ၁၅၄၈ ဦး ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။