သမ္မတ ဦးသိန်းစိန် အိန္ဒိယကို သွားမည်

သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် အောက်တိုဘာလ ၁၂ ရက် ကနေ ၁၅ ရက်နေ့အထိ အိန္ဒိယ နိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် သွားရောက်မယ်လို့ သိရပါတယ်။

2011.10.09
thein_sein_parliament_president_305_z.png နေပြည်တော်တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)
(Photo: AFP / MRTV)

သမ္မတနဲ့အတူ စွမ်းအင်နဲ့လျှပ်စစ်ဝန်ကြီး၊ သိပ္ပံနဲ့ နည်းပညာ၊ စိုက်ပျိုးရေး ဝန်ကြီးတွေ အပြင် နယ်စပ် ရေးရာနဲ့ စက်မှုဖ့ွံဖြိုး တိုးတက်ရေး ဌာန ဝန်ကြီးတွေ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး (၁၀) ဦး လည်း လိုက်ပါသွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ သဘောတူ စာချုပ်အရ ဆောက်လုပ်နေတဲ့ ဧရာဝတီမြစ်ဆုံဆည် ရေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်း ရပ်ဆိုင်းလိုက်ကြောင်း ဦးသိန်းစိန် ရဲ့ကြေညာချက် ရုတ်တရက် ထွက်လာပြီးတဲ့နောက် တရုတ် အစိုးရဘက်က ဥပဒေကြောင်း အရ ရင်ဆိုင် ဖြေရှင်းမယ်လို့ ဖိအားပေးနေချိန် အတွင်း သမ္မတ ဦးသိန်းစိန် အိန္ဒိယကို သွားရောက်မှာ ဖြစ်တာကြောင့် ပြည်တွင်း ပြည်ပက စိတ်ဝင်စားနေကြ ပါတယ်။

အိန္ဒိယဘက်ကလည်း ဒီတခေါက် မြန်မာ သမ္မတရဲ့ ခရီးစဉ်ကို မဟာဗျူဟာ အရ အထူး အလေးထားတယ်လို့ ဆိုပါတယ်။

ဦးသိန်းစိန်ဟာ ခရီးစဉ်အတွင်း အိန္ဒိယ သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေနဲ့ အတူ ဒေသတွင်း လုံခြုံရေး၊ နှစ်နိုင်ငံ ကုန်သွယ် စီးပွားရေးနဲ့ နည်းပညာပိုင်း ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးကြမှာ ဖြစ်ပြီး၊ အထူးသဖြင့် သိပ္ပံနဲ့နည်းပညာ ဆိုင်ရာ ကိစ္စတွေနဲ့ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော် ဖောက်လုပ်မယ့် လမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေမှာ သဘောတူ စာချုပ် လက်မှတ် ရေးထိုးနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အရှေ့မြောက်ပိုင်း နယ်စပ်ရေးရာ ဝန်ကြီးနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ဟာ ဗုဒ္ဓဂါယာကို ဘုရားဖူး နှစ်ရက်ကြာ သွားဖို့ စီစဉ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-16 03:02

ကောင်းပါသည်...