နိုင်ငံရေးအကျဉ်းသား နဲ့ ပြည်တွင်းပဋိပက္ခ ရှိတော့မှာမဟုတ်ကြောင်း ဦးသိန်းစိန်ပြောကြား


2013.07.15
political-prisoners-305-z နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ရုံးခန်းတွင် ချိတ်ဆွဲထားသော မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများပုံ
Phto: RFA

မြန်မာနိုင်ငံမှာ  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဖြစ်ပေါ်နေသလို၊ လူ့အခွင့်အရေး  အခြေအနေတွေ ပိုပြီးအားကောင်းမောင်းသန်ဖြစ် လာအောင်၊ ပြည်တွင်းပဋိပက္ခတွေ  လျော့နည်း ချုပ်ငြိမ်းသွားအောင် ဆောင်ရွက်တဲ့လုပ်ရပ်တွေ ကိုလည်း  တွေ့မြင်ချင်ပါတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သမ္မတ  ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန်နိုင်ငံကိုရောက်ရှိလာတဲ့  ဦးသိန်းစိန်ကို လန်ဒန်မြို့ အမှတ် ၁ဝ ဒေါင်းနင်းလမ်း  ဝန်ကြီးချုပ်ရုံးမှာ ဒေးဗစ် ကင်မရွန်းက ကော်ဇောနီခင်း ကြိုဆိုခဲ့ပါတယ်။

အခုလို သမိုင်းဝင်အလည်အပတ်ခရီးမှာ တွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါတယ်။ အလားတူ ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ၊ ရိုဟင်ဂျာမွတ်စလင် ပြဿနာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗြိတိန်အနေနဲ့ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးသွားမှာဖြစ်ကြောင်း၊ သံတမန်ရေးအရ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်တဲ့နေရာတွေ အများအပြားရှိတယ်လို့ ယုံကြည်ကြောင်း၊ စစ်ရေးဆိုင်ရာအရလည်း နှစ်နိုင်ငံပိုမိုချိတ်ဆက်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့စစ်ရေးချိတ်ဆက်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောခဲ့ပါဘူး။

သမ္မတ ဦးသိန်းစိန်ကလည်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်မယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရှေ့အဖို့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူရယ်လို့ ရှိတော့မှာမဟုတ်ကြောင်း၊ အထူးကော်မတီဖွဲ့ပြီး စိစစ်နေကြောင်း၊ လန်ဒန်မြို့က နိုင်ငံတကာရေးရာ လေ့လာရေးဌာန Chatham House မှာ ပြောကြားခဲ့ပါတယ်။

လာမယ့်သီတင်းပတ်တွေအတွင်း တပြည်လုံးအနှံ့အပစ်အခတ်တွေ ရပ်စဲသွားနိုင်ဖွယ်ရှိတယ်လို့ ထင်မြင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြည်ပအကူအညီတွေနဲ့ ပတ်သက်ပြီးပြောကြားရာမှာ  မြန်မာနိုင်ငံကို ပြင်ပအကူအညီတွေအပေါ် မှီခိုနေရတဲ့နိုင်ငံမျိုး ဖြစ်မလာစေချင်ကြောင်း၊ ဒါပေမဲ့ အသွင်ကူးပြောင်းရေးကာလအတွင်း အဆင်ပြေချောမွေ့စေမယ့် အခင်းအကျင်းမျိုးဖြစ်အောင်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့နိုင်ငံဖြစ်လာအောင် ကူညီဖို့တော့လိုပါကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိန်နိုင်ငံမှာ နှစ်ရက်နေပြီး ပြင်သစ်နိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။