မဲလိမ် မဲခိုးမှာကို စိုးရိမ်
2015.10.18

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲလိမ် မဲခိုးမှာကို စိုးရိမ်မိကြောင်းနဲ့ မဲပေးတာတွေ မှန်ကန်ဖို့အတွက် လာမယ့် အောက်တိုဘာလ ၂ဝ ရက်နေ့ကစပြီး ဧရာဝတီတိုင်း မှာ မဲဘယ်လိုပေးရမယ်ဆိုတာ သင်တန်းပေးသွားမယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ ပြည်သူ့အားကစားကွင်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က တက်ရောက်လာတဲ့ ပရိတ်သတ်တစ်ဦးက သူတို့စိုးရိမ်မှုကို ပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူလည်းစိုးရိမ်ကြောင်း ပြောလိုက်တာဖြစ်ပါတယ်။
"မဲလိမ်မှာ၊ မဲခိုးမှာပြည်သူတွေစိုးရိမ်သလို၊ ကျမတို့လည်းအင်မတန်မှစိုးရိမ်ပါတယ်၊ အဲ့တော့ နံပါတ် ၁ က ပြည်သူများဟာမဲဘယ်လိုပေးရမလဲဆိုတာ ကို သေသေချာချာ သိအောင်တော့လေ့လာပါ၊ ကျမတို့အဖွဲ့ချုပ်က ၂ဝ ရက်နေ့ ကနေစပြီးတော့ ရွေးကောက်ပွဲမှာဘယ်လိုမဲပေးရမလဲဆိုတဲ့ ပညာပေး သင်တန်းတွေကို ဧရာဝတီ တိုင်း အနှံ့ဆင်းပြီးတော့ ကျမတို့လုပ်ပါမယ်၊ သေသေချာချာလေ့လာပါ၊ အခုကျမတို့က ရွေးကောက်ပွဲက အရင် လိုခြစ်ရတာမဟုတ်ဘူး၊ တံဆိပ်ကလေး နှိပ်ရတာ၊ တံဆိပ်က ဝေးသွားရင် ပယ်မဲဖြစ်သွားနိုင်တယ်"
ဒါ့အပြင် ရွေးကောက်ပွဲကာလမှာ မတည်မငြိမ်ဖြစ်လို့ဆိုပြီး အကြောင်းပြပြီးတော့ ရွေးကောက်ပွဲရလာဒ်တွေ မထိရောက်မှာကိုလည်း စိုးရိမ်ရကြောင်း နဲ့ ပြည်သူတွေသတိရှိကြဖို့ကိုလည်း ပြောခဲ့ပါတယ်။
အန်အယ်လ်ဒီအနေနဲ့ အစိုးရဖွဲ့နိုင်လို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ မဖြစ်ရင်လည်း အစိုးရအဖွဲ့ကို ဦးဆောင်ပေးသွားမယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့မှာ ဟောပြောအပြီး ဧရာဝတီတိုင်းဒေသ ကြီး ရေကြည်နဲ့ ကျုံပျော်မြို့တွေမှာ ဟောပြောခဲ့တာဖြစ်ပါတယ်။