ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု အနောက်နိုင်ငံတွေရဲ့ထုတ်ပြန်ချက် စစ်ကောင်စီကန့်ကွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာ လေကြောင်းတိုက်ခိုက်မှုအပေါ် စစ်ကောင်စီကိုဆန့်ကျင်တဲ့အဖွဲ့တွေ၊ မီဒီယာတွေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ရေးသား ပြောဆိုချက်တွေကို ကန့်ကွက် ကြောင်း သက်ဆိုင်ရာသံရုံးတွေနဲ့ ကုလသမဂ္ဂထံ အသိပေးထားတယ်လို့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန က အောက်တိုဘာလ ၂၅ ရက်၊ မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒီအဖွဲ့တွေက သတင်းမှားတွေထုတ်လွှင့်နေပြီး ဒါတွေဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သလိုဖြစ်နေတာကြောင့် ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေ၊ နိုင်ငံတကာ အသိအမှတ်ပြု သံတမန်ဆက်ဆံရေးနဲ့ဆက်စပ်တဲ့ ကွန်ဗင်းရှင်းတွေကို ချိုးဖောက်ရာရောက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနရဲ့ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ကချင်ပြည်နယ်မှာ လေကြောင်း တိုက်ခိုက်ခံရတာကြောင့် အရပ်သားအများအပြား ထိခိုက်သေဆုံးခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အသေးစိတ် ကို စိစစ်နေတယ်လို့ ကြားသိရပြီး ဒီသတင်းတွေအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးနဲ့အတူ အတွင်းရေးမှူး ချုပ်က အထူးစိုးရိမ်နေတယ်လို့ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ပြောရေးဆိုခွင့်ရှိသူရဲ့ ဒီပြောဆိုမှုအပေါ် စစ်ကောင်စီက သေချာအတည်ပြုပြီးမှ သတင်းထုတ်ပြန်ဖို့လိုတယ်လို့ တုန့်ပြန်လာတာပါ။

နယ်မြေတည်ငြိမ်ရေးအတွက် စစ်ဆင်ရေးတွေကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement- ROE) နဲ့ တည်ဆဲဥပဒေတွေနဲ့ အညီဆောင်ရွက်နေတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အရပ်သားတွေမပါဝင်ဘဲ KIA ကတာဝန်ရှိသူတွေနဲ့ PDFတွေသာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီက ငြင်းဆိုနေပါတယ်။
စစ်ကောင်စီက ဒီလိုငြင်းဆိုနေပေမယ့် ဒေသခံတွေနဲ့အရပ်ဖက်အဖွဲ့တွေကတော့ သေဆုံးသူတွေထဲမှာ အရပ်သားတွေပါဝင်ပြီး လက်ရှိမှာ သေဆုံးသူအနည်းဆုံး ၆၀ ကျော်ရှိနေပြီလို့ ပြောကြပါတယ်။ KIO ဘက်ကလည်း သေဆုံးခဲ့သူတွေထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ဘက်အရပ်ဘက် တာဝန်ရှိသူတွေ အပြင် အနုပညာရှင်တွေနဲ့ အရပ်သားတွေပါဝင်တယ်လို့ အတိအလင်းပြောထားပါတယ်။
AA၊ TNLA၊ MNDAA၊ KNPP အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးကလည်း ပြည်သူအများစု ဒီလိုစုဝေးနေချိန်မှာ စစ်ကောင်စီက KIA ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ပြင်းပြင်း ထန်ထန်ကန့်ကွက်ကြောင်းပြောထားပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နဲ့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK တို့အဖွဲ့အစည်းတွေကလည်း စစ်တပ်ကိုလောင်စာဆီရောင်းချနေတာတွေကို ချက်ခြင်း ရပ်တန့်ဖို့တောင်းဆိုချက်တွေ ထုတ်ပြန်ထားပါတယ်။