စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေအကြောင်း ကုလမှာ ဦးကျော်မိုးထွန်းတင်ပြ

2022.10.26
စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေအကြောင်း ကုလမှာ ဦးကျော်မိုးထွန်းတင်ပြ စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုကို ခံခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်။
(Photo:RFA)

စစ်ကောင်စီဟာ ပြည်သူတွေရဲ့အသက်ရှင်နေထိုင်ခွင့်အပါအဝင် လူ့အခွင့်အရေးတွေကို ချိုးဖောက်နေပြီး စစ်တပ်ရဲ့ဥပဒေမဲ့တရားစီရင်မှု အောက်မှာ သေဒဏ်ချမှတ်ခံထားရတဲ့အမှုပေါင်း ၁၂၆ မှုရှိကြောင်းနဲ့ လူ့အခွင့်အရေးကောင်စီနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထံက မြန်မာပြည်သူတွေကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေနဲ့အကူအညီတွေ လိုအပ်နေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ တင်ပြခဲ့ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ ဥပဒေမဲ့ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။

အာဏာသိမ်းပြီးနောက် စစ်တပ်အုပ်ချုပ်ခံတရားရုံးတွေကနေ သေဒဏ်ချမှတ်ထားတဲ့ အမှုပေါင်း (၁၂၆) ခုရှိပြီး အဲဒီအထဲက (၄၂) ခုဟာ ကာယကံရှင်တွေရှေ့မှောက်မှာ ဆုံးဖြတ်ခဲ့တာမဟုတ်ကြောင်းနဲ့ လက်ရှိမှာ စစ်ကောင်စီရဲ့ဥပဒေမဲ့တရားစီရင်မှုအောက်မှာ သေဒဏ်ချမှတ် ခံရဖို့ စောင့်ဆိုင်းနေရသူ (၈၄) ဦးရှိနေတယ်လို့ သူက တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ပေးခြင်းကို တရားဝင်ဖျက်သိမ်းထားတာမရှိပေမယ့် ဆယ်စုနှစ်(၄) ခုခန့် တရားဝင်ဆိုင်းငံ့ထားခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက်မှ သေဒဏ်ပေးတာကို ပြန်လည်အသက်သွင်းလာခဲ့တာပါ။

အခုနှစ်ဇူလိုင်လအတွင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့ပါတယ်။

သူတို့လေးဦးကို တရားစီရင်ရာမှာ စစ်တပ်ရဲ့တရားရုံးတွေမှာ လျှို့ဝှက်စစ်ဆေးပြီး စီရင်ခဲ့တာဖြစ်လို့ တရားမျှတတဲ့အခြေခံစံနှုန်းတွေမရှိကြောင်းနဲ့ ပြည်သူလူထုအပေါ်မှာ အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ထင်ရှားသူတွေနဲ့ ဒီမိုကရေစီအရေးတက်ကြွသူတွေကို စစ်တပ်က သေဒဏ်စီရင်ခဲ့တာလို့ သံအမတ်ကြီးက ကုလသမဂ္ဂမှာ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် အခြားအမှုတွေမှာလည်း ဖမ်းဆီးချုပ်နှောင်ခံထားရသူများ ပျောက်ဆုံးသွားတာ၊ စစ်ကြောရေးမှာ အသက်သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ကျေးရွာတွေထဲ အဓမ္မဝင်ရောက်စီးနင်းရာမှာ ပြည်သူတွေကို အသက်ရှင်လျက် မီးရှို့သတ်တာနဲ့ ဆန္ဒပြပြည်သူတွေကို လွန်လွန်ကျူးကျူးနှိမ်နင်းတာတွေကြောင့် အသက်သေဆုံးတာတွေရှိတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒီလိုစစ်ကောင်စီရဲ့ တရားဥပဒေမဲ့လုပ်ရပ်တွေကြောင့် ပြည်သူများစွာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်းကိုလည်း သံအမတ်ကြီးက ကုလသမဂ္ဂထံ တင်ပြခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုန့်ပြန်ချက်ကို ရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။