မန္တလေး သဇင်ဘီစကစ်စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြ


2014.01.03

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ စက်မှုဇုန် (၁) ယောမင်းကြီးလမ်းမှာရှိတဲ့ သဇင်ဘီစကစ် Biscuits စက်ရုံမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၆ ယောက် အလုပ်ပြန်ရရေးအတွက် အလုပ်သမား ၁၀၀ ကျော်လောက်က မနေ့ကစပြီး တောင်းဆိုဆန္ဒပြနေကြပါတယ်။

ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၂၈ ရက်နေ့ညက စက်ရုံမန်နေဂျာနဲ့ အလုပ်သမားတွေ ပြဿနာဖြစ်ပွားရာမှာ မန်နေဂျာက အလုပ်သမားတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်တာကြောင့် အလုပ်သမားတွေက ပြည်ကြီးတံခွန် မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် အဲဒီ ၂၆ ယောက်ကို အလုပ်ကထုတ်လိုက်တာလို့ သိရပါတယ်။

အလုပ်သမားတွေဘက်က အမှုဖွင့်ထားတာကို ရုတ်သိမ်းပေးမယ်ဆိုရင် အလုပ်ပြန်ခန့်ပေးမယ်ဆိုပြီး အလုပ်ရှင်ဘက်ကပြောတယ်လို့ အလုပ်ထုတ်ခံထားရတဲ့ ဆန္ဒပြအလုပ်သမား ကိုကြည်ဇော်က ပြောပါတယ်။

"သူတို့ဘက်က ကျနော်တို့ကို စာချုပ်တွေ ချိုးဖောက်ထားတယ်လေ၊ သူတို့က အဲကိစ္စတွေကိုပဲ ညှိနှိုင်းတယ်၊ အဲကိစ္စတွေအတွက်က ပြေလည်တယ်၊ အလုပ်ထုတ်တဲ့ ၂၆ ယောက်ကိစ္စ မပြေလည်ဘူး၊ အမှုပိတ်ပေးမယ်ဆို ကျနော်တို့ ၂၆ ယောက်ကို အလုပ်ဝင်ခွင့်ပေးမယ်၊ ကျနော်တို့ဘက်ကလည်း အမှုမပိတ်ပေးနိုင်ဘူး၊ တရားဥပဒေအရပဲ ကျနော်တို့က ရင်ဆိုင်သွားမှာ၊ အဲဒါမရမချင်း ဆန္ဒထုတ်ဖော်သွားမှာပါ"

ဆန္ဒပြအလုပ်သမား တစ်ရာနီးပါးလောက်က အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၂၆ ယောက်ကို အလုပ်ပြန်ခန့်ပေးဖို့၊ စက်ရုံ မန်နေဂျာက အလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ထားတာကို အရေးယူပေးဖို့နဲ့ အသက် ၁၃ နှစ်အထက်ကလေးတွေကို အလုပ်ထုတ်လိုက်ရင် လျော်ကြေးပေးဖို့ စတဲ့အချက်တွေအပြင် အချက် ၁၈ ချက်ကို တောင်းဆိုဆန္ဒပြနေကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဘီစကစ်စက်ရုံမှာ အရင်က အသက် ၁၃ နှစ်ကျော် ကလေး ၂၀ လောက်ရှိကြောင်း နောက်ပိုင်းမှာ ကလေးတွေကိုအလုပ်မခိုင်းရ ဥပဒေကြောင့် အလုပ်ထုတ်ပစ်ရာမှာ နစ်နာကြေးပေးတာမရှိခဲ့ဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။