လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ချောင်းဒေသခံ သုံးဦးသေဆုံး
2024.05.10

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို မေလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းနဲ့ ရေကြောင်းကနေ တိုက်ခိုက်တာကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဗုံးကြဲတာကြောင့် သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လှေကိုထိပြီး ပဲနင်းတစ်ယောက်နဲ့ လှေလုပ်သား နှစ်ယောက်သေတယ်ကြားတယ်၊ ၂၆ နှစ် အရွယ်အမျိုးသမီးတစ်ဦးကတော့ နဖူးမှာ ဗုံးစထိပြီး ကျွန်မတို့ရွာဘက် ဆေးခန်းမှာ လာကုသနေပါတယ်၊ ဂုံညှင်းဆိပ်ရွာက အသက် ၈၀ အရွယ်အဖိုးကြီးတစ်ယောက်လည်း သူ့အိမ်ပေါ် လေယာဥ်ပေါ်က ကြဲချတဲ့ ဗုံးကျပြီး ဗုံးစထိမိပြီး ကျွန်မတို့ရွာဘက် ဆေးခန်းမှာ လာကုသနေရပါတယ်"
မေလ ၁၀ ရက်နေ့လယ်က ကနက်သီရိကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို စစ်သင်္ဘောတွေကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် အသက် (၄၀) ကျော်အရွယ် ကိုနောင်ဂေါ၊ အသက်(၄၀)အရွယ် ကိုနိုင်ကြီးနဲ့ အသက် (၄၅) နှစ်ဝန်းကျင်အရွယ် ကိုညီဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကနက်သီရိရွာနဲ့ ဂုံညှင်းဆိပ်ရွာတွေကို လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပြီး အခြေအနေ အသေးစိတ်မသိရသေးဘူးလို့ ကူညီကယ်ဆယ်ပေးနေသူတွေကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကလည်း စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကနက်သီရိကျေးရွာမှာ အသက်(၁၆)နှစ်ရွယ် မောင်ပိုင်စိုးသူနဲ့ မောင်ဟိန်းပြည့်ဖြိုးတို့ နှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဗုံးဒဏ်ကြောင့် ယာယီပိတ်ထားတဲ့ ရငဲတိုက်နယ်ဆေးရုံတစ်ခုလုံးပျက်စီးခဲ့ပြီး ကနက်သီရိကျေးရွာ အထက်တန်းကျောင်းက ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့သလို နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
မေလ ၈ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ သရက်ချောင်းမြို့နယ်က ပဲဒက်စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတွေကနေ ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်ကနေ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၃) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။