လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် လေးလအတွင်း လူ ၃၀၀ ကျော် သေဆုံးခဲ့

RFA Burmese
2024.12.11
လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် လေးလအတွင်း လူ ၃၀၀ ကျော် သေဆုံးခဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ကုန်းပေါရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် အဆောက်အအုံများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်‌နေ့တွင် တွေ့ရစဉ်။
Facebook/ Karenni Hope

နိုင်ငံတစ်ဝန်းမှာ လေးလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ တစ်ရာကျော်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၄၀ နီးပါး၊ စုစုပေါင်း ၃၀၀ ကျော် ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၃၇ ယောက်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၄၇ ယောက်ပါဝင်ပါတယ်။ လေကြောင်းရန်ကြောင့် ရခိုင်ပြည်နယ်မှာ ၈၈ ယောက်၊ ရှမ်းပြည်နယ်မှာ ၄၃ ယောက်နဲ့ အများဆုံး သေဆုံးခဲ့တယ်လို့ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀၄ ဦးရှိပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ ၁၉ ဦး ရှိခဲ့တယ်လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ၃၂ ယောက် ရခိုင်မှာ အယောက် ၂၀ နဲ့ အများဆုံး သေဆုံးခဲ့တယ်လို့ AAPP က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီအရေအတွက်တွေဟာ ဩဂုတ်လ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းတွေဖြစ်ပြီး သေဆုံးခဲ့သူတွေကို နာမည်နဲ့တကွ အတည်ပြုထားပြီးဖြစ်တယ်လို့ AAPP ကပြောပါတယ်။ RFA က သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။