ပုဒ်မ ၅၀၅(ခ)နဲ့ ဦးသောဘိတကို တပ်ရဲ့ တရားစွဲဆိုမှု တရားရုံးပယ်ချ
2019.06.06
ဆရာတော် ဦးသောဘိတ(အလကာၤကြယ်) ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားရုံးထံ လျှောက်ထားတဲ့အမှုကို အမရပူရမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
တပ်မတော်သား အားလုံးဟာ သူခိုး၊ ဓားပြ၊ သူပုန်တွေဆိုပြီး ဦးသောဘိတရဲ့ ရေးသားချက်တွေဟာ နိုင်ငံ့ ဝန်ထမ်းဖြစ်တဲ့ တပ်မတော်သားအားလုံးကို စော်ကားသလိုဖြစ်နေတယ်ဆိုပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်က ပုဒ်မ ၅၀၅(ခ)နဲ့ အရေးယူပေးဖို့ တရားရုံးထံ ဦးတိုက်လျှောက်ထား တာဖြစ်ပါတယ်။
ဆရာတော် ဦးသောဘိတရဲ့ ပြောဆိုရေးသားချက်တွေက နိုင်ငံတော်အစိုးရကို စော်ကားတဲ့ ပြောဆိုရေးသား ချက်တွေဖြစ်တယ်ဆိုပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်က ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုဖို့ အမရပူရမြို့နယ် တရားရုံးထံ ပြီးခဲ့တဲ့လက တိုင်ကြားခဲ့တဲ့အမှုကို ဒီနေ့ တရားရုံးက ပယ်ချလိုက်တာပါ။
ဆရာတော် ဦးသောဘိတရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က အခုလို ပြောပါတယ်။
"ပထမတစ်ခုကတော့ ၆၆ (ဃ)နဲ့ တရားစွဲထားတာက တိုင်းမှာအမှုတွဲကရှိနေတော့ တရားရုံးကို ပြန်မရောက်သေးဘူး၊ ဒါကြောင့်မို့ နှစ်ပတ်ဆိုပြီးပြန်ချိန်းတယ်။ ၅၀၅ နဲ့စွဲတာက တရားရုံးက ၂၀၂ နဲ့ ရဲစခန်း ကိုပြန်ချပေးတယ်။ ရဲကနေ အစီရင်ခံစာပြန်တက်တဲ့ဟာပေါ်မူတည်ပြီးတော့ အမှုကိုပေါ်ပေါက်ချက်အရ ဆိုပြီတော့ ပလပ်လိုက်ပါတယ်"
တရားရုံးထံ လျှောက်ထားချက် ပလပ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး တရားလိုပြုလုပ် တိုင်ကြားခဲ့တဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်က
"ပြောစရာ သီးခြားမရှိပါဘူး၊တရားသူကြီးပြောတာ အားလုံးကြားမှာပဲ၊ လောလောဆယ်တော့ မရှိသေးပါဘူး"
ဒီလိုအမိန့်ချမှတ်လိုက်တဲ့အတွက် တရားရေးအပေါ် ဂုဏ်ယူမိတယ်လို့ ဆရာတော်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။
"စွဲတဲ့ ပုဒ်မနဲ့မမြောက်တာပါ။ ရုံးတော်ရဲ့ အမိန့်ဟာ ဥပဒေနဲ့လုံး၀ ညီညွတ်ပါတယ်။ ကျမတို့အနေနဲ့ ဒီလိုအမိန့်မျိုးကို နားထောင်ရတဲ့အတွက် အားတက်မိပါတယ်။ တရားစီရင်ရေးရဲ့ပေါ်မှာ ကျမတို့ရဲ့အားကိုးမှုတွေက ဒီထက်မက မြင့်မားလာတဲ့အတွက် အရမ်းကိုကျေနပ်ရပါတယ်"
ဆရာတော်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က နှစ်ကြိမ် တိုင်ကြားတာဖြစ်ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ဆရာတော်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ကနဦး အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဆရာတော်ဦးသောဘိတရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားချက်တွေက တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာကျဆင်းစေတဲ့ ပုတ်ခတ်ရေးသားမှုတွေဖြစ်တယ်ဆိုပြီး ပုဒ်မ ၆၆(ဃ)နဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက တရားရင်ဆိုင်နေရတာပါ။
အဲဒီအမှုမှာလည်း ဆရာတော်ဟာ တရားရုံကို လာရောက်စရာမလိုတဲ့ အချုပ်လွတ်ထုချေခွင့် ရရှိထားပါတယ်။
ပုဒ်မ ၆၆(ဃ) အတွက် ရုံးချိန်းကိုတော့ လာမယ့် ဇွန် ၂၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။