တပ်မတော်သားတွေကို သူခိုး၊ ဓားပြလို့ ရေးတာကြောင့် ဦးသောဘိတကို တိုင်ကြား


2019.05.23
aungmyokyaw-622.jpg တရားလို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော် ကို ၂၀၁၉ မေ ၂၃ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ တွေ့ရစဉ်
Photo: Khaymani Win/RFA

တပ်မတော်သားအားလုံးကို သူခိုး၊ ဓားပြ၊ သူပုန်တွေ ဆိုပြီး ရေးသားချက်နဲ့ပတ်သက်လို့ ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အရေးယူပေးဖို့ အမရပူရမြို့နယ်တရားရုံးထံ လျှောက်ထားတာလို့ တရားလိုဖြစ်သူက ဒီနေ့ ပြောလိုက်ပါတယ်။

တပ်မတော်သားအားလုံးဟာ နိုင်ငံ့ဝန်ထမ်းဖြစ်တာကြောင့် နိုင်ငံတော်အစိုးရကို စော်ကားသလိုဖြစ်နေတယ်လို့ တရားလိုဖြစ်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်က ဒီနေ့ ရုံးချိန်းအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ဆရာတော် ဦးသောဘိတ (အလကာၤကြယ်) ကို အရေးယူပေးဖို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အောင်မျိုးကျော်က တရားရုံးထံ တင်ထားပေမယ့် လိုအပ်ချက်တွေ ရှိနေတာကြောင့် တရားရုံးက ရဲတပ်ဖွဲ့ကို စစ်ဆေးခိုင်းထားတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ လာမယ့် ဇွန်လ ၆ရက်နေ့မှာ အမရပူရမြို့နယ်တရားရုံးက ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဆရာတော်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း ကလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားပါတယ်။

ဆရာတော်ကို အရင်စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမှုမှာ တရားလိုဖြစ်တဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း ကို တပ်မတော်က ကိုယ်စားလှယ်လွဲှစာပေးပို့တာ နောက်ကျခဲ့တဲ့ အတွက် စစ်ဆေးချိန်မှာ တင်ပြနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ဒီအပေါ်မှာ ဆရာတော်ဘက်က ကန့်ကွက်ထားပေမယ့် ဆရာတော့်ရဲ့ကန့်ကွက်မှုကို ခရိုင်တရားရုံးက ပယ်ချခဲ့ ပါတယ်။ ဒါကြောင့် တိုင်းတရားရုံးထံ ဆက်လက်တင်ပြကန့်ကွက်သွားမယ်လို့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ ဆရာတော်ဦးသောဘိတရဲ့ ရေးသားချက်တွေက တပ်မတော်နဲ့ တပ်မတော်သားတွေ အပေါ် ဂုဏ်သိက္ခာကျဆင်းစေတဲ့ ပုတ်ခတ်ရေးသားမှုတွေဖြစ်တယ်ဆိုပြီး ဆရာတော်ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာ လကတည်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။