သာယာဝတီထောင်မှာ နိုင်/ကျဉ်းတချို့ ရိုက်နှက်တိုက်ပိတ်ခံထားရ၊ ငါးဦးဒဏ်ရာပြင်းထန်

RFA Burmese
2023.04.04
သာယာဝတီထောင်မှာ နိုင်/ကျဉ်းတချို့ ရိုက်နှက်တိုက်ပိတ်ခံထားရ၊ ငါးဦးဒဏ်ရာပြင်းထန် ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်ဂိတ်တံခါးအား တွေ့ရစဉ်။
Photo: RFA

သာယာဝတီအကျဉ်းထောင် အဆောင် (၃) မှာ မတ်လကုန်ပိုင်းက ဆန္ဒပြတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့လို့ ငါးဦးဒဏ်ရာပြင်းထန်ပြီး ၁၅ ဦး တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဧပြီလ ၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသူနှစ်ဦး ရိုက်နှက်တိုက်ပိတ်ခံရပြီး ဆေးကုသခွင့်မရတဲ့အပေါ် မကျေနပ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ မတ်လ ၂၇ ရက်နေ့မှာ ဆန့်ကျင်ဆန္ဒပြ ခဲ့တာလို့ အကျဉ်းသား မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မတ်လ ၂၇ ရက်နေ့ညနေ တန်းပိတ်ချိန်မှာ သူတို့က အထဲပြန်မဝင်ကြဘူးပေါ့နော် ဆန့်ကျင်ကြတာပေါ့။ အဲဒီမှာ အကုန်လုံးကို ရိုက်တာ။ ၁၅ ယောက် တိုက်ပိတ်ခံရတယ်။ ငါးယောက်ကတော့ ဒဏ်ရာတော်တော်ဆိုးတယ်။ ဆေးကုသခွင့်လည်း မရဘူး။ အခုထိလည်း တိုက်ပိတ်ခံထားရတယ်။ သတင်းစအနထပ်မရတော့ စိတ်ပူနေရတယ်”

တိုက်ပိတ်ခံရသူတွေဟာ အသက် ၂၁ နှစ်ကနေ ၂၃ နှစ်ကြား ကျောင်းသားလူငယ်တွေ ဖြစ်ကြပြီး အဲဒီအထဲက ဒဏ်ရာပြင်းထန်တဲ့ ငါးဦးကတော့ ကိုရဲထွဋ်ခေါင်၊ ကိုမင်းသူအောင်၊ ကိုစည်သူဟိန်း၊ ကိုအောင်ကြည်သိန်းနဲ့ ကိုသက်ပိုင်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်က သာယာဝတီထောင် အဆောင် (၅) မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူနှစ်ဦးနဲ့ တာဝန်ကျ ရဲမေတစ်ဦးတို့ စကားများရာကနေ ထောင်ဝန်ထမ်းတွေက အကျဉ်းသူ အမျိုးသမီးနှစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့သလို အင်္ကျီတွေစုတ်ပြဲသည်အထိ အရှက်ရအောင်လုပ်ခဲ့တယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် အကျဉ်းသူနှစ်ဦးလုံး ဆေးကုသခွင့်မရဘဲ တိုက်ပိတ်ခံထားရတဲ့အတွက် အဲဒီကိစ္စကိုမကျေနပ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေက ဆန့်ကျင်ဆန္ဒပြခဲ့တာဖြစ်ပြီး သူတို့လည်း ထပ်မံတိုက်ပိတ်ခံရတာလို့ ဆိုပါတယ်။

အကျဉ်းထောင်ထဲက အခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို ဧပြီလ ၅ ရက်မနက်ပိုင်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒါပေမဲ့ အကျဉ်းသားတွေကို နှိပ်စက်တာမျိုးမရှိသလို ဆေးကုသခွင့်ကိုလည်း အကျဉ်းထောင်စည်းမျည်း စည်းကမ်းတွေအတိုင်း ဆောင်ရွက်ပေးနေတယ်လို့ ဦးနိုင်ဝင်းက RFA ကို အရင်က ဖြေဆိုဖူးပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လကလည်း ဘားအံထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား ၆၀ ကို ရောက်ရောက်ချင်းမှာပဲ ထောင်အာဏာပုံတွေက ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်ခဲ့တာကြောင့် အကျဉ်းသားတချို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကလည်း အင်းစိန်အကျဉ်းထောင်ကနေ သရက်ထောင်နဲ့ သာယာဝတီထောင်တွေဆီ နိုင်ငံရေးအကျဉ်းသား ၇၀၀ ခန့် ပြောင်းရွှေ့ခံရပြီးနောက် သာယာဝတီထောင်က အဆောင်တွေမှာ လူတွေ ပြည့်လာပြီး ကျပ်ကျပ်တည်းတည်း နေထိုင်နေရတယ်လို့ အကျဉ်းသား မိသားစုဝင်တွေက ပြောကြပါတယ်။

အကျဉ်းကျနေသူတွေ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရရေးအတွက် စစ်ကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ပေမယ့် ဒီနေ့အထိ ခွင့်ပြုတာမျိုးတော့ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၇၃၃၆ ဦးရှိပြီး အဲဒီအထဲက ၅၅၁၆ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။