NLD အမတ် ဦးသန့်ဇင်ထွန်း အမှု ရှေ့အပတ် အပြီးသတ်လျှောက်လဲမည်

2021.12.23
NLD အမတ် ဦးသန့်ဇင်ထွန်း အမှု ရှေ့အပတ် အပြီးသတ်လျှောက်လဲမည် နေပြည်တော် ဒက္ခိဏသိရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း ကို တွေ့ရစဉ်
ဓာတ်ပုံ - ဦးသန့်ဇင်ထွန်း - ဖေ့စ်ဘွတ်

နေပြည်တော် ဒက္ခိဏသိရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို စစ်ကောင်စီက စွဲဆိုထားတဲ့အမှုအတွက် လာမယ့်ရုံးချိန်းမှာ နှစ်ဖက်စလုံး အပြီးသတ် လျှောက်လဲချက်ပေးရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးသန့်ဇင်ထွန်းကို ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မှာ နေပြည်တော် အချုပ်ထောင်ထဲက တရားရုံးမှာပဲ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးသန့်ဇင်ထွန်းကို စွဲဆိုထားတဲ့ အမှုနှစ်ခုထဲက နေပြည်တော်က အစိုးရဝန်ထမ်းတွေကို အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာအောင် လှုံ့ဆော်တယ်ဆိုတဲ့ အမှုအတွက် အပြီးသတ်လျှောက်လဲချက် ပေးရမှာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးရမယ်၊ အဲဒါပြီးရင်တော့ အမိန့်ချမယ်လို့ ကြားတယ်"

NLD အမတ် ဦးကျော်မင်းလှိုင် နဲ့ ဦးသန့်ဇင်ထွန်းတို့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ အသီးသီး အဖမ်းခံခဲ့ရတာဖြစ်ပြီး နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာပဲ နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ရဲ့ ပုဒ်မ ၅၀၅ (က) အမှုစစ်ဆေးဖို့ရှိပေမယ့် မစစ်ဆေးဖြစ်ဘဲ နောက်တစ်ပတ် ရုံးချိန်းကို ပြန်လည်ရွှေ့ဆိုင်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။