ထန်တလန်ဒုက္ခသည် ရှစ်ထောင်ကျော် ရိက္ခာ အခက်ကြုံ
နှစ်လအတွင်း အိမ်ပေါင်း ၁၈၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က ဒေသခံ ရှစ်ထောင် လောက်ဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO က RFA ကို ဒီနေ့ပြောပါတယ်။
ဒေသခံ ရှစ်ထောင်လောက်ဟာ နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရတာဖြစ်ပြီး စစ်ကောင်စီက အသွားအလာတွေကို ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာတာလို့ ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO ရဲ့ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။
"တခြားဘက်ကနေ ကုန်ပစ္စည်းတွေ ဝင်လာတဲ့ဟာမရှိတော့ ဒီဘက်မှာ သူတို့ရှိပြီးသားဟာလည်း ထန်တလန်မြို့ပေါ်ကဟာတွေ အကုန်လုံးက သူတို့စွန့်ခွာပြီးတော့ ထွက်သွားကြတယ်ဆိုတော့ ရွာတွေ မှာရှိတဲ့ သူတို့ သိုလောင်ထားတဲ့အစားသောက်တွေပေါ့ အဲဒါပဲမှီခိုပြီးတော့ စားနေရတယ်ဆိုတော့ အခုတော့ ထောက်ပံ့မှုတွေလည်း မလာနိုင် ဖြတ်လေးဖြတ်ကြောင့် အခက်ခဲကြုံတွေ့နေရတယ်"
လူဦးရေ တစ်သောင်းနီးပါးနေထိုင်တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၈ ရက်နေ့က ဒေသကာကွယ်ရေးတပ် CDF၊ ချင်းအမျိုးသားတပ်ဦး CNF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့ရသလို အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း နောက်ထပ် နေအိမ် ၁၆၄ လုံး မီးရှို့ခံခဲ့ရတာပါ။
စက်တင်ဘာလ ၁၈ ရက်နေ့ ဖြစ်စဉ်ကြောင့် မြို့ပေါ်နဲ့ ကျေးလက်က ဒေသခံ တစ်သောင်းသုံးထောင်လောက် ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေကို ထွက်ပြေးခဲ့ရပြီး အဲဒီအထဲက လူဦးရေ ငါးထောင်လောက် ကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးရောက်ရှိနေကြတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
အခု ထန်တလန်မြို့မှာ လူတစ်ယောက်မှ မရှိတော့ဘဲ မြို့ပြင်က မိဘမဲ့ဂေဟာမှာတော့ အသက် ငါးနှစ်ကနေ ၁၇ နှစ်အထိ ကလေး ၁၈ ယောက်ပဲရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂေဟာက ကလေးတွေအတွက် ကြိုတင်စုဆောင်းထားတဲ့ ရိက္ခာတွေနဲ့ လုံလောက်အောင် ရပ်တည်နေရတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိဘမဲ့ဂေဟာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အသက် ၅ နှစ်ကနေပြီးတော့ ၁၇ နှစ်ကြားလောက်ရှိတယ်။ ကလေးတွေက။ ကျွန်တော်တို့က မြိုရဲ့အပြင် ဘက်မှာရှိတယ်။ မြို့နဲ့လည်း နည်းနည်းလေးတော့ဝေးတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့က ရှောင်မ ထွက်တာ။ ကြိုတင်ပြီး ကျွန်တော်တို့ စုဆောင်းထားတာလေးတွေရှိတယ်။ အဲဒါက သုံး လေးလစာလောက် တော့ စုဆောင်းထားတာရှိပါတယ်။ နည်းနည်းကြာလာရင်တော့ အခြေနေကတော့ ပြောလို့တော့ မရဘူးပေါ့”
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံတွေဟာ သူတို့ရဲ့ တောင်ယာ စိုက်ခင်းတွေဆီကို မသွားရဲကြဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
"အခုဆိုရင် စားစရာတောင် မရှိတော့ဘူး။ ဆန်တွေဘာတွေရှိရဲ့သားနဲ့ အကုန်မီးလောင်သွားတော့"
ထန်တလန်မြို့ခံတွေ ထွက်ပြေးရောက်ရှိနေတဲ့ အချို့ကျေးရွာတွေမှာဆိုရင် အခုလယ်ယာရိတ်သိမ်းချိန် ရောက်နေပေမယ့် စပါးရိတ်ဖို့ မသွားရဲကြတာကြောင့် စားဝတ်နေရေးတောင် အခက်အခဲဖြစ်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရသူ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန်မြို့ခံတစ်ဦးက ပြောပါတယ်။
“အခုက စပါးရိတ်ချိန်လည်းတန်ပြီဆိုတော့ စပါးရိတ်ဖို့ ညအိပ်လည်း မသွားရဲတော့ဘူး။ နေ့ချင်းပြန်ဆို ရင်လည်း ဘယ်လိုအခြေနေမျိုးနဲ့ ကြုံမလဲဆိုပြီးတော့ စိုးရိမ်ပူပန်ရင်းနဲ့ပဲ နေထိုင်ကြရတယ်။ အခုဆိုရင် စားစရာတောင် မရှိတော့ဘူး။ ဆန်တွေဘာတွေရှိရဲ့သားနဲ့ အကုန်မီးလောင်သွားတော့။ အဝတ်အစား တွေလည်း တစ်ထည်၊ နှစ်ထည်ပဲ ခုဝတ်တဲ့ဟာလေးတွေနဲ့ပဲ ကျွန်တော်တို့က ထွက်ပြေးတာပေါ့နော်။ အခုထွက်ပြေးတဲ့သူတွေ သုံးပုံတစ်ပုံလောက်က အိန္ဒိယဘက်သွားတယ်။ သုံးပုံနှစ်ပုံလောက်က ရွာဘက်ကို သွားကြတယ်။ ဟားခါးဘက်ကို သွားကြတာတော့ သိပ်မများပါဘူး”
ထန်တလန်မြို့ပေါ်က ဒေသခံတွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်သလို မြို့ပေါ်မှာကျန်ခဲ့တဲ့အိမ်တွေပါ မီးလောင်ဆုံးရှုံးခဲ့ရတာကြောင့် သူတို့ရဲ့ ဘဝကို အသစ်တဖန်ပြန်စဖို့ အခက် တွေ့နေကြပါတယ်။

သူတို့ရဲ့ ဘဝဟာ မရေမရာဖြစ်နေတဲ့အကြောင်း နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန်မြို့ခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ချင်းလူမျိုးတွေက အိမ်နဲ့ယာနဲ့ ဆောက်လုပ်တာ သိပ်ဝါသနာပါတာ။ အခု မီးလောင်တဲ့ အိမ်တွေဆိုရင်လည်း နိုင်ငံခြားရောက်တဲ့ သားသမီးတွေပဲဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငွေရှာပြီးဆောက် တာပဲဖြစ်ဖြစ် သိပ်ပြီး တန်ဖိုးကြီးကြီးမားမားနဲ့ အကုန်အကျခံတာ။ ဒီနေ့ပေါက်ဈေးနဲ့ဆိုရင် တချို့ဆို သိန်း တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်။ အနည်းဆုံး သွပ်မိုးတောင်မှ သိန်းနှစ်ရာ၊ သုံးရာလောက်ကုန်တယ်။ ခက်ခက်ခဲခဲနဲ့ ဆောက်လုပ်ကြရတာ။ နောက်အကုန်လုံး ဒီလိုမီးလောင်သွားတဲ့အခါမှာတော့ တော်တော် လေး ဝမ်းနည်းပူဆွေးကြတာပေါ့နော်။ မန္တလေးမှာ တိုက်အိမ်နှစ်အိမ်နဲ့ ထန်တလန်မှာ တိုက်အိမ်တစ်လုံး နှစ်လုံးဆောက်မယ့်ဟာက ထန်တလန်မှာ တစ်လုံးပဲဆောက်နိုင်မှာ။အခြေနေက ဒီလောက်ကွာတာ”
စစ်ကောင်စီကတော့ ထန်တလန်မြို့ မှာ အောက်တိုဘာလ ၂၉ ရက်နေ့က နေအိမ်တွေမီးလောင်တဲ့ကိစ္စဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်လို့ အောက်တိုဘာလ ၃၀ ရက်နေ့က ပြောဆိုထား ပါတယ်။
ဒါပေမဲ့ မီးရှို့ခံရချိန်မှာ မြို့တွင်းထဲမှာ ကျန်ရှိနေခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးကတော့ အောက်တိုဘာ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်သား လေးဦးက လာပြီး နေရာငါးနေရာလောက်မှာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ RFA ကို ပြောပါတယ်။
ထန်တလန်မြို့ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချနေကြပါတယ်။