ထန်တလန်မီးဘေး ခရစ်ယာန်ဘုရားကျောင်းနဲ့ အိမ် ၉၀ ကျော် ပြာကျ

2021.11.29
ထန်တလန်မီးဘေး ခရစ်ယာန်ဘုရားကျောင်းနဲ့ အိမ် ၉၀ ကျော် ပြာကျ ထန်တလန်မြို့မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံ‌တွေကို တွေ့ရစဥ်
Photo: TPAC
ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် စိန့်နီကောလပ်စ် ကက်သလစ်ဘုရားကျောင်းအပါအဝင် အိမ်ပေါင်း ၉၆ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ထန်တလန် နေရာချ ထားရေးကော်မတီ (Thantlang Placement Affairs Committee - IDPs help) က ထုတ်ပြန်ထားပါတယ်။
 
မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဇုန်မွှန်ရပ်ကွက်က နေအိမ် ၄၁ လုံး၊ စိုက်ပျိုးရေးရပ်ကွက်က စိန့်နီကောလပ်စ် ကက်သလစ်ဘုရားကျောင်း အပါအဝင် ၃၉ လုံး၊ လုံတီာလ်ရပ်ကွက်က ၁၆ လုံးတို့ ပါဝင်တယ်လို့ စာရင်း တွေထဲမှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ထန်တလန်မြို့ပေါ်မှာ အိမ်ပေါင်း ၁၆၄ လုံး မီးလောင်ကျွမ်းခဲ့ ပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့ မီးလောင်ကျွမ်းမှုမှာ ထန်တလန်မြို့ပေါ် ရပ်ကွက်နှစ်ခုက အိမ် ၄၉ လုံး၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ သုံးလုံး၊ နိုဝင်ဘာ ၉ ရက်မှာ နှစ်လုံးနဲ့ နိုဝင်ဘာ ၆ ရက်မှာ ကိုးလုံးအထိ မီးလောင် ကျွမ်းခဲ့ပါတယ်။
 
ထန်တလန်မြို့ အပါအဝင် ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြားထဲ ခုလို မီးလောင်ကျွမ်းမှုတွေ ဖြစ်နေပြီး မီးလောင်ကျွမ်းမှုရဲ့ လက် သည်တရားခံကို ဒေသခံတွေနဲ့ စစ်ကောင်စီတို့က အပြန်အလှန်စွပ်စွဲထားကြပါတယ်။
 
ထန်တလန်မြို့ပေါ်မှာ စက်တင်ဘာလက ပထမဆုံးအကြိမ် မီးလောင်ကျွမ်းခဲ့ပြီး အခု နိုဝင်ဘာလအထိ ၃ လ အတွင်းမှာ ကိုးကြိမ်အထိ မီးလောင်ခဲ့သလို ထန်တလန်တစ်မြို့လုံးက ဒေသခံတစ်သောင်းနီးပါးတို့ဟာလည်း ဘေးလွတ်ရာ ပြောင်းရွေ့ခဲ့ကြရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။