ထန်တလန်မှာ စစ်ကောင်စီတပ်က ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံး

RFA Burmese
2023.04.27
ထန်တလန်မှာ စစ်ကောင်စီတပ်က ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံး လေကြောင်းနှင့် ဗုံးကြဲခံရသည့် ထန်တလန်မြို့နယ်၊ တလန်လိုကျေးရွာမှ ထိခိုက်ပျက်စီးသွားသော နေအိမ်အဆောက်အအုံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
The Chin Journal

ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ တလန်လိုကျေးရွာမှာ ဒီနေ့ ဧပြီ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် သုံးဦး အပါအဝင် ခြောက်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်နဲ့ ရှစ်မိုင်ခန့်သာဝေးတဲ့ တလန်လို ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးကြဲချခဲ့ပြီး နှစ်ခြင်းဘုရားကျောင်း အနီးမှာ ပေါက်ကွဲသွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲက လုံးဝမရှိဘူး။ ၃ နာရီကျော်လောက်မှာ လာကြဲသွားတာ။ နှစ်ဦး သေပြီး၊ ခြောက်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲမှာ ကလေးတွေ ပါတယ်။ အခုကြဲတဲ့ နေရာက CNF ဌာနချုပ်နဲ့ နည်းနည်းတော့ နီးတယ်"

အဲဒီတိုက်ခိုက်မှုကြောင့် တလန်လိုကျေးရွာက ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် ခြောက်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူခဲ့တွေဟာ ဆရာမ ဒေါ်နီဒိမ်နဲ့ ဦးဟရမ်ကျဲအိုတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်တလန်မြို့နယ် တလန်လိုကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ချင်းပြည်နယ်ရဲ့ စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းဆက်သွယ်ခဲ့ရာမှာလည်း လက်ခံ ဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာလည်း အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ တီးတိန်မြို့နယ် ထဲက ချင်း အမျိုးသား တပ်မတော် CNA ရဲ့ တပ်မဟာ အမှတ် ၄ စခန်းကို စစ်ကောင်စီ တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ တာကြောင့် တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ CNF က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) ပန်းပါ ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ထန်တလန်မြို့နယ်၊ တလန်လိုကျေးရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၄၅၀ ကျော် နေထိုင်တဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။